ကူယက်တာ၊ မေ ၂၅

ပါကစ္စတန်မှာ စစ်ဖက်ဆိုင်ရာဝန်ထမ်းတွေ လိုက်ပါလာတဲ့ ရထား ဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် လူ ၂၀ ထက်မနည်း သေဆုံးပြီး ၇၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မေ ၂၄ ရက် မနက်ပိုင်းက နိုင်ငံအနောက်ပိုင်း ဘာလူချီစတန်ဒေသ မြို့တော် ကူယက်တာရှိ ချာမန် ဖာတက်ခ် ဘူတာရုံကို ရထား ဖြတ်သန်းသွားချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ရထားတွဲ သုံးတွဲနဲ့ ရထားခေါင်း လမ်းချော်သွားပြီး တခြား တွဲနှစ်တွဲ တိမ်းမှောက်သွားခဲ့တယ်လို့ ရထားလမ်း အရာရှိတွေက ပြောပါတယ်။

အဲဒီ လွန်းပြန်ရထားဟာ အိဒ်နေ့ အတွက် နေရပ်ပြန်တဲ့ စစ်တပ် အမှုထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို တင်ဆောင်လာတာ ဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ ခွဲထွက်ရေးအဖွဲ့ ဖြစ်တဲ့ ဘာလူချီစတန် လွတ်မြောက်ရေး တပ်ဖွဲ့ရဲ့ လက်ချက် ဖြစ်ကြောင်းနဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်တယ်လို့ ဒေသဆိုင်ရာ အစိုးရက ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ဘာလူချီစတန် လွတ်မြောက်ရေး တပ်ဖွဲ့က စောစောပိုင်းကတည်းက ပြောထားပါတယ်။

အခင်းဖြစ်ပွားရာ နေရာမှာ မီးလောင်ကျွမ်းထားပြီး ပျက်စီးနေတဲ့ ရထားတွဲတွေနဲ့ အနီးအနားမှာ ကားတွေ တွေ့ရတဲ့အပြင် ဗုံးပေါက်ကွဲမှုကြောင့် အနီးအနားရှိ အဆောက်အဦ တစ်ခုလည်း ပျက်စီးသွားတာ မြင်တွေ့ရပါတယ်။

ရထားခုတ်မောင်းနေချိန် ခရီးသည်တွေလည်း ရထားပေါ်မှာ ရှိနေချိန် ပေါက်ကွဲမှု ဖြစ်ပွားတာ ဖြစ်တယ်လို့ ဒေသခံ နာဆီယာ အာမက်က ပြောပါတယ်။

မေ ၂၄ ရက် မနက်ပိုင်းက သူ့မိသားစု အိပ်ပျော်နေချိန် အဲဒီ ရထား ပေါက်ကွဲမှုကြောင့် သူ့ရဲ့ နေအိမ် ပြတင်းပေါက်တွေ ပျက်စီးသွားခဲ့ပါတယ်။

အဲဒီ ရထားကို ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

လူ၂၀ သေဆုံးကြောင်း ရဲအရာရှိ တစ်ဦးနဲ့ အရပ်ဖက် အုပ်ချုပ်ရေး အရာရှိ တစ်ဦးက အတည်ပြုထားပြီး သေဆုံးသူ ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ စစ်သားသုံးဦး ပါဝင်တယ်လို့ အရာရှိတွေက ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ပါကစ္စတန် ဝန်ကြီးချုပ် ရှီဘက်ဇ် ရှာရစ်ဖ်က ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချပြီး သရဲဘောကြောင်တဲ့ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရရပ်တွေကြောင့် ပါကစ္စတတန် ပြည်သူတွေရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုကို အားနည်းသွားစေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တစ်နိုင်ငံလုံးရှိ ပြည်သူတွေက ဘာလူချီစတန် ပြည်သူတွေနဲ့ တသားတည်း ရပ်တည်နေပြီး ဝမ်းနည်း ပူဆွေးနေကြတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ထိခိုက်သူတွေကို ကုသပေးနေတဲ့ ဆေးရုံတွေမှာ အရေးပေါ် အခြေအနေ ကြေညာထား ပါတယ်။

ရထားပေါ်မှာ လိုက်ပါလာသူတွေဟာ အနီးအနားရှိ စစ်စခန်းကနေ ကူယက်တာမြို့ရဲ့ အဓိက ရထား ဘူတာရုံသို့ လိုက်ပါ စီးနင်းလာသူတွေ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့ ခွဲထွက်ရေးအဖွဲ့ဟာ ဘာလူချီစတန်ပြည်နယ်မှာ အရင်ကလည်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဂျက်ဖာ အမြန်လမ်းပြေးဆွဲတဲ့ ယာဉ်တွေကို အဲဒီ လက်နက်ကိုင် အဖွဲ့က အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးပါတယ်။

၂၀၂၅ မတ်လက ပက်ရှ်ဝါသို့ သွားတဲ့ ရထား တစ်စီးကို စစ်သွေးကြွတွေက ပြန်ပေးဆွဲပြီး ခရီးသည် အတော်များများကို ဓားစာခံ အဖြစ် ဖမ်းဆီးသွားခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.