ကျီကွန်၊ မေ ၂၅
မေ ၂၄ ရက်မှာ တရုတ်က သူတို့ရဲ့ အာကာသစခန်းသို့ အာကာသယာဉ်မှူး ၃ ဦး စေလွှတ်လိုက်ပြီး သူတို့ထဲက တစ်ဦးဟာ တရုတ်နိုင်ငံအတွက် စံချိန်တင်အနေနဲ့ တစ်နှစ်ကြာ နေထိုင်မှာ ဖြစ်ပါတယ်။
ဘေဂျင်းက ၂၀၃၀ ပြည့်နှစ်မှာ လပေါ်သို့ လူတွေ စေလွှတ်ဖို့ ရည်မှန်းချက်ပြည့်အောင် ဆောင်ရွက်နေချိန် အာကာသထဲမှာ အချိန်အကြာကြီး နေရာတဲ့ လူသားရဲ့ စိတ်အခြေအနေကို လေ့လာမယ်လို့ ဆိုပါတယ်။
The Shenzhou-23 အာကာသယာဉ်ကို တရုတ်နိုင်ငံ အနောက်ပိုင်း ကျီကွန် ဂြိုဟ်တု လွှတ်တင်ရေး စင်တာကနေ Long March-2F Y23 ဒုံးပျံယာဉ်နဲ့ ဒေသစံတော်ချိန် ည ၁၁ နာရီ ၈ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။
တရုတ် အာကာသခရီးစဉ်မှာ ပထမဆုံးအကြိမ်အနေနဲ့ ဟောင်ကောင် ရဲထောက်လှမ်းရေးဟောင်း ဝန်တင်မှုပညာရှင် လီကျားယင် လိုက်ပါသွားပါတယ်။
တခြား အာကာသယာဉ်မှူးတွေကတော့ ခေါင်းဆောင် ရှူယန်ရှူနဲ့ ယာဉ်မှူး ကျန်းယွန်ကျီ ဖြစ်ပြီး နှစ်ဦးစလုံးဟာ တရုတ်စစ်တပ်ရဲ့ အာကာသဌာနက ဖြစ်ပါတယ်။
သူတို့သုံးဦးထဲက တစ်ဦးဟာ တီယန်ကုန်း အာကာသစခန်းမှာ တစ်နှစ်ကြာ နေထိုင်မှာ ဖြစ်ပြီး အရှည်ကြာဆုံး အာကာသ ခရီးစဉ်တွေထဲက တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ၁၉၉၅ ခုနှစ်မှာ ရုရှား အာကာသယာဉ်မှူး တစ်ဦး အာကာသထဲမှာ ၁၄ လကျော်ကြာ နေထိုင်ခဲ့ဖူးတာကြောင့် တရုတ် အာကာသယာဉ်မှူးရဲ့ အာကာသထဲ နေထိုင်မှုဟာ ကမ္ဘာ့စံချိန်တင် ကြာမြင့်မှုတော့ မဟုတ်ပါဘူး။
အာကာသထဲမှာ တစ်နှစ်ကြာ နေထိုင်မယ့် သူကို နောက်ပိုင်းမှာ ဆုံးဖြတ်မှာ ဖြစ်ပြီး ခရီးစဉ် တိုးတက်မှု အခြေအနေအပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း တရုတ်ရဲ့ လူလိုက်ပါရေး အာကာသအေဂျင်စီက မေ ၂၃ ရက်မှာ ပြောပါတယ်။
တရုတ်က အာကာသယာဉ်မှူးတွေကို သူတို့ရဲ့ အာကာသစခန်းဆီ အကြိမ် တစ်ဒါဇင်လောက် စေလွှတ်ခဲ့ဖူးပေမယ့် အခုတစ်ကြိမ်ကတော့ လပေါ်ကို ခြေချဖို့ အမေရိကန်နဲ့ ပြိုင်ဆိုင်မှု အရှိန်မြင့်နေချိန်မှာ ထွက်ပေါ်လာတဲ့ ခရီးစဉ် ဖြစ်ပါတယ်။
ဘေဂျင်းက လကို ကိုလိုနီပြုပြီး လပေါ်မှာ မိုင်းတူးဖော်ဖို့ ရင်းမြစ်တွေ ရယူဖို့ စီစဉ်နေတယ်လို့ ဝါရှင်တန်က စွပ်စွဲထားပေမယ့် အဲဒီ စွပ်စွဲချက်ကို ဘေဂျင်းက ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။
နာဆာက ၂၀၂၈ ခုနှစ်မှာ လပေါ်ကို လူတွေ စေလွှတ်နိုင်ဖို့ ကြိုးပမ်းနေပြီး တရုတ်ထက် နှစ်နှစ် စောပြီး စေလွှတ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
အမေရိကန်က လပေါ်မှာ လူတွေကို အချိန်အကြာကြီး စခန်းချခိုင်းဖို့ စီစဉ်ထားပြီး နောက်ဆုံးမှာ အင်္ဂါဂြိုဟ်ပေါ်သို့ လူတွေ စေလွှတ်ဖို့ ရည်ရွယ်ထားပါတယ်။
ဧပြီလက နာဆာ အာကာသယာဉ်မှူးလေးဦး လအနီးသို့ သမိုင်းဝင် ခရီးစဉ် သွားရောက်ခဲ့ပြီး နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး လူလိုက်ပါတဲ့ ခရီးစဉ် ဖြစ်ပါတယ်။
တရုတ်မှာ သူတို့ နောက်ဆုံး သတ်မှတ်ထားတဲ့ ၂၀၃၀ မတိုင်ခင်အချိန် လေးနှစ်တောင် မရှိတော့ဘဲ လခရီးစဉ်အတွက် လိုအပ်တဲ့ ဆော့ဖ်ဝဲ အသစ်တွေ ယာဉ်အစိတ်အပိုင်းတွေ လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။
Ref:Reuters

