ဘေဂျင်း မေ ၂၃
တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်းရှီပြည်နယ်က လွီရှန်းယူ ကျောက်မီးသွေးတွင်းမှာ မေ ၂၂ ရက် ညပိုင်းက ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အရေအတွက်ဟာ ၉၀ အထိ တိုးလာတယ်လို့ တရုတ် အစိုးရမီဒီယာတွေက ဖော်ပြထားပါတယ်။
ပေါက်ကွဲမှုဖြစ်ချိန်မှာ မြေအောက်ထဲ အလုပ်လုပ်နေတဲ့ အလုပ်သမား ၂၄၇ ယောက်ရှိနေပြီး အများစုကိုတော့ မေ ၂၃ ရက် မနက်ပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လူ ၉ ယောက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ဒဏ်ရာရသူတွေကို အမြန်ဆုံး ကုသပေးဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အစွမ်းကုန် ဆောင်ရွက်ဖို့ အမိန့်ပေးထားပြီး၊ မတော်တဆမှု ဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း တိတိကျကျ စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။
အခုချိန်ထိ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေ ဆက်လုပ်နေဆဲဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ရေးနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၇၅၅ ယောက်ကို နေရာချထားတယ်လို့ CCTV ရုပ်သံက ဆိုပါတယ်။ ဆေးရုံပို့ထားတဲ့ လူ ၁၂၃ ယောက်ထဲက ၄ ယောက်က အရေးပေါ်အခြေအနေမှာ ရှိနေပါတယ်။
အသက်ရှင်လွတ်မြောက်လာတဲ့ အလုပ်သမား ဝမ်ယုံကတော့ “ရုတ်တရက် မီးခိုးတွေ တက်လာပြီး ဆာလ်ဖာနံ့ပြင်းပြင်း ရတယ်။ လူတွေ အသက်ရှူကြပ်နေကြတာကို တွေ့ပြီးနောက် သတိလစ်သွားတယ်” လို့ ပြောပါတယ်။ သူဟာ တစ်နာရီလောက်အကြာမှ သတိပြန်ရလာပြီး အနီးကလူတွေကို နှိုးကာ အတူ ထွက်ပြေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရှန်းရှီပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ ကျောက်မီးသွေးထုတ်လုပ်ရာ အဓိကဒေသဖြစ်ပြီး လုံခြုံရေးစည်းမျဉ်းတွေ တင်းကျပ်လာတဲ့နောက်ပိုင်း သတ္တုတွင်းမတော်တဆမှုတွေ လျော့နည်းလာခဲ့ပေမယ့် ဒီဖြစ်ရပ်ကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်း အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုအဖြစ် သတ်မှတ်ခံနေရပါတယ်။
Ref:CNA

