မော်လမြိုင် ၊ မေ ၂၂

စစ်အစိုးရက အလိုရှိနေတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို PSMS စနစ်မှာ ထည့်သွင်းထားပြီး နောက်ယောင်ခံ စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ အသံအဖွဲ့က မေ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲရလဒ်တွေအပေါ် အခြေခံတဲ့ အစိုးရသစ်ဖွဲ့စည်းတာနဲ့ လွှတ်တော်အစည်းအဝေးတွေ စတင်ခေါ်ယူတဲ့လမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေနဲ့ပတ်သက်ပြီး အသံဖွဲ့က လေ့လာဆန်းစစ်ထားတာပါ။

Spring Revolution Database SRD ရဲ့ ထုတ်ပြန်ချက်တွေအရ လက်ရှိမှာ စစ်တပ်က PSMS Application Version 1.2 ကို စတင်အသုံးပြုနေပြီး သူတို့ အလိုရှိနေတဲ့ လူပုဂ္ဂိုလ် ၅၀,၀၀၀ ဝန်းကျင်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူတွေနဲ့ မိသားစု မိတ်ဆွေတွေကို နည်းပညာနဲ့ စဉ်ဆက်မပြတ် စောင့်ကြည့်နေပြီး လူပုဂ္ဂိုလ်တွေကို စိစစ်ကြပ်မတ်တာနဲ့ စောင့်ကြည့်ထောက်လှမ်းရေးစနစ် PSMS နဲ့ အနီးကပ် နောက်ယောင်ခံစောင့်ကြည့်တာတွေ ပြုလုပ်နေတာပါ။

ဒါဟာ ခေတ်မီနည်းပညာတွေနဲ့ ဆက်လက်စောင့်ကြည့်ခံနေရလို့ လွတ်မြောက်လာသူတွေအတွက် လူမှုအသိုင်းအဝိုင်းအတွင်း လွတ်လပ်စွာ ပြန်လည်ဝင်ဆံ့နိုင်ဖို့ ခက်ခဲစေပြီး နိုင်ငံရေးဆိုင်ရာ ယုံကြည်မှုတွေနဲ့ ထုတ်ဖော်ပြောဆိုမှုတွေကို ဆက်လက်ကန့်သတ်ထားနိုင်ဖို့ ကြိုးပမ်းနေတာလို့ အသံအဖွဲ့က ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ အရပ်သားအသွင်ပြောင်း အစိုးရသစ် ဖွဲ့စည်းပြီးနောက် အကျဉ်းသား ၄၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ပေးခဲ့ပေမယ့် နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေကနေ အကျဉ်းသားစုစုပေါင်း ၃၁၀၀ ကျော်သာ လွတ်မြောက်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်က အသိပေးထားတာပါ။

လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၀၀ လောက်သာ ပါဝင်ပြီး သမ္မတ ဦးဝင်းမြင့် အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာဟာ စစ်အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုနဲ့ တရားဝင်မှုကို ရရှိဖို့ ကြိုးပမ်းချက်အဖြစ် ရှုမြင်နိုင်ပါတယ်။

ဒါ့အပြင် ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများစွာ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ၂၀၀၀၀ ကျော် ကျန်ရှိနေဆဲလို့ အသံအဖွဲ့က ထောက်ပြပါတယ်။

တစ်ဘက်မှာ သတင်းဌာန ၆ ခုရဲ့ လုပ်ငန်းလိုင်စင်တွေကို နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်နဲ့ စစ်အစိုးရက ပိတ်သိမ်းခဲ့ပါ‌သေးတယ်။

Chin World ၊ KHONUMTHUNG MEDIA GROUP ၊ မျက်မှောက်ခေတ်၊ မြေလတ်အသံ၊ Red News Agency နဲ့ Asia Citizens တို့ရဲ့ လုပ်ငန်းလိုင်စင်တွေကို ပြီးခဲ့တဲ့ ဧပြီလကစပြီး ပိတ်သိမ်းခဲ့တာပါ။

ဒါဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက် သတင်းမီဒီယာလုပ်ငန်းလိုင်စင်တွေ အစုလိုက်အပြုံလိုက် ပိတ်သိမ်းခဲ့မှုအပြီး ပထမဆုံးအကြိမ် ပြည်လည်ပိတ်သိမ်းတာဖြစ်ပြီး ၂၀၂၁ ခုနှစ်ကနေ အခုနှစ် ဧပြီအထိ လုပ်ငန်းလိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းဌာန ၁၈ ဖွဲ့လောက် ရှိပါတယ်။

အသံအဖွဲ့ကနေ ကောက်ယူထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဧပြီလအတွင်း ဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြို့နယ်ပေါင်း ၁၃၇ မြို့နယ် ရှိတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ပြီး အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.