မော်လမြိုင် ၊ မေ ၂၂

မွန်ပြည်နယ်မှာ စိုက်ပျိုးရေး ကုန်ကျစရိတ် အဆမတန် ကြီးမြင့်လာမှုနဲ့အတူ အလုပ်သမား အခက်အခဲတွေကြောင့် မိုးစပါးစိုက်ပျိုးမှု သိသိသာသာ လျော့ကျလာနိုင်တယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုးစပါးစိုက်တောင်သူတွေဟာ အခုနှစ်မိုးစပါးရာသီမှာ စက်သုံးဆီ၊ ဓာတ်မြေသြဇာ၊သွင်းအားစုကုန်ပစ္စည်း ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာ၊ ထွန်းယက်ခနဲ့လုပ်အားခ ကြီးမြင့်မှုတွေနဲ့ကိုပါ ရင်ဆိုင်နေရပါတယ်။

မိုးစပါးစိုက်ပျိုးဖို့ ကုန်ကျစရိတ် အဆမတန် ကြီးမြင့်နေပေမယ့် စပါး ဈေးနှုန်းတွေကတော့ အရင်လို ထင်သလောက် မရရှိတဲ့ အတွက် တောင်သူအများစု လျှော့ချစိုက်ပျိုးဖို့ စီစဉ်နေကြတာပါ။

တောင်သူ တစ်ဦးကတော့ လက်ရှိ မိုးစပါး စိုက်ပျိုးချိန်မှာ ထွန်ယက်ခ မတက်နိုင်တဲ့အတွက် ကြဲခင်းအနေနဲ့ စားဖို့လောက်သာ စိုက်ပျိုးနေရပြီး မစိုက်တဲ့တောင်သူတွေလည်း အများကြီး ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီနှစ်ကတော့ ဆီပြဿနာ ကိစ္စနဲ့ဆိုတော့ ဆီဈေးမတက် နိုင်တာနဲ့ ထွန်ယက်ခ မတက်နိုင်တာနဲ့ လယ်ကွက်ကို မီးရှို့ပြီး ဒီအတိုင်း ကြဲထည့်ထားတယ်။တချို့ ကလည်း လွှတ်ထားတာ တော်တော် များများ လွှတ်ထားကြတယ်၊ တချို့ ကတော့ စားဖို့ လောက်ပဲ လုပ်ကြတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနှစ်မှာ စပါးဈေး မရဘဲ စိုက်ပျိုး စရိတ် ကြီးမြင့်တာကြောင့် တောင်သူအများစု အရင်လို အပြည့်အဝ မစိုက်ပျိုး နိုင်တော့သလို ကြဲခင်းသာ စိုက်ပျိုးနိုင်တဲ့အတွက် အထွက်နှုန်း သိသိသာသာ ကျဆင်းလာမှာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

တောင်သူ နောက်တစ်ဦးကလည်း မိုးစပါးစိုက်ပျိုးရာမှာ သွင်းအားစုနဲ့ လုပ်သားခတွေ ဈေးကြီးနေပေမယ့် စပါးဈေး မတက်တာကြောင့် လျှော့ချစိုက်ပျိုးရတော့မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဓာတ်မြေဩဇာတွေ သွင်းအားစုတွေကတော့ တော်တော်ကို ဈေးတက်တယ်။လုပ်အားခ တွေကလည်း ဈေးကြီး တာပေါ့နော်။သွင်းအားစုတွေက တအား ဈေးမြင့်တယ်။စပါးဈေးက မတက်ဘူး။ကျွန်တော်တို့ နယ်တဝိုက်မှာကတော့ ဒီမိုးစပါးကိုတော့ တချို့ဆိုလည်း လုံးဝ မစိုက်ဘူး။တချို့ ဆိုရင်လည်း ဧက လျော့ပြီး စိုက်တာပေါ့”လို့ ဆိုပါတယ်။

တဖက်မှာ စစ်တပ် လက်အောက်ခံတွေဟာ စပါးတွေကို မြို့နယ် ဖြတ်ကျော် သယ်ဆောင်ပါက ဖမ်းဆီးတာ၊ ငွေကြေး အဆမတန် တောင်းခံတာတွေကြောင့်လည်း တောင်သူတွေ လက်ထဲက စပါးတွေကို လာရောက် ဝယ်ယူသူ နည်းပါးခဲ့တဲ့ အတွက် စပါး ဈေးကောင်း မရရှိတာ ဖြစ်တယ်လို့ တောင်သူတွေက ဆိုပါတယ်။

စပါးဈေးကောင်း မရတဲ့အတွက် မိုးစပါးတွေကို တောင်သူတွေက လျော့ချ စိုက်ပျိုးနေကြတာကြောင့် လာမယ့် မိုးစပါးပေါ်ချိန်မှာ အထွက်နှုန်း သိသိသာသာ လျော့ကျလာမယ့် အခြေအနေတွေ ရှိနေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ မိုးစပါးတွေကို စိုက်ပျိုးမှု အနေနဲ့ နှစ်စဉ် ဧကပေါင်း ၇ သိန်းနီးပါး စိုက်ပျိုးကြပြီး စပါး တင်းပေါင်း သိန်း ၄၃၀ ကျော် ထွက်ရှိကာ ထွက်ရှိလာတဲ့ စပါးတွေကိုတော့ ဆန်ချော ထုတ်လုပ်ပြီး ဒေသတွင်းအပြင် တခြားတိုင်းနဲ့ပြည်နယ် တွေကို တင်ပို့ရောင်းချ နေတာပဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.