မြဝတီ၊ မေ ၂၂

ကရင်ပြည်နယ် မြဝတီမြို့ပေါ်မှာ စစ်မှုထမ်းတပ်သားသစ်အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆက်ရှိနေပြီး အပစ်ရပ်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ကလည်း လူငယ်တချို့ကို ဖမ်းဆီးခေါ်ဆောင်ကာ တပ်သားသစ်စုဆောင်းနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီး နောက်ပိုင်းမှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာနေခဲ့ရာ အထူးသဖြင့် ရပ်ဝေးဒေသကနေ မြဝတီမြို့ပေါ်နဲ့ အနီးဝန်းကျင်ကျေးရွာတွေဆီ လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပိုပြီးပစ်မှတ်ထား ဖမ်းဆီးခဲ့တာပါ။

စစ်ကော်မရှင်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုကြောင့် မြဝတီမြို့မှာရောက်ရှိနေကြတဲ့ ရပ်ဝေးဒေသက ရွှေ့ပြောင်းအလုပ်သမားအများအပြား စစ်မှုထမ်းထဲဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ငွေကြေးပေးပြီး ပြန်ရွေးယူလို့ရတာရှိသလို ပြန်ရွေးလို့မရတာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

ဒါ့အပြင် ဒီနောက်ပိုင်းမှာလည်း အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA က မြဝတီမြို့မှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ရပ်ဝေးဒေသတွေက ရွှေ့ပြောင်းအလုပ်သမားတချို့ကို ဖမ်းဆီးခေါ်ဆောင်တာတွေရှိခဲ့ပြီး ပြန်လွှတ်ပေးစေလိုပါက ငွေကြေးပေးဆောင်နေရတယ်လို့ မြဝတီဒေသခံတွေက ပြောပါတယ်။

DKBA တပ်က ဖမ်းဆီးလိုက်တဲ့ ရွှေ့ပြောင်းအလုပ်သမားတချို့ကို ဗိုလ်မှူးချုပ်စိုင်းကျော်လှထိန်းချုပ်တဲ့ ကျောက်ခက်ဒေသတွေဆီ ခေါ်ဆောင်သွားပြီး အခြေခံစစ်သင်တန်းတွေပေးကာ DKBA တပ်သားသစ်အဖြစ် စုဆောင်းခဲ့ပြီး DKBA တပ်ရဲ့ စစ်သင်တန်းတွေမှာ အသက်မပြည့်သေးတဲ့ လူငယ်လူရွယ်အများအပြားပါဝင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရှိရပါတယ်။

နယ်စပ်မြို့ မြဝတီမြို့ပေါ်မှာ စစ်ကော်မရှင်တပ်က အဓိကထိန်းချုပ်ခဲ့ပြီး ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ကြတဲ့ ကရင်နယ်ခြားစောင့်တပ် BGF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ၊ ကရင်အမျိုးသားတပ်မတော် KNA တပ်တွေအပြင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေလည်း လှုပ်ရှားနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-DKBA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.