ပုလော၊ မေ ၂၁
တနင်္သာရီတိုင်း ပုလောမြို့နယ် ကဒဲကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ စက်တပ်လေထီးနဲ့ဗုံးကြဲမှုကြောင့် သက်ကြီးပိုင်း အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ပြောပါတယ်။
မနေ့ မေ ၂၀ ရက်နေ့ ညနေ ၄ နာရီအချိန်လောက်မှာ မြိတ်လေတပ်ကနေ တက်လာတဲ့ စက်တပ်လေထီး သုံးစီးဟာ ကဒဲကျေးရွာထဲကို ဗုံး သုံးလုံး လာရောက်ကြဲချသွားတာပါ။
လေကြောင်းဗုံးကြဲမှုကြောင့် ကဒဲကျေးရွာနေ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသား တစ်ဦး ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီဗုံးကြဲမှုဟာ ကဒဲကျေးရွာအနီးရှိ တော်လှန်ရေးတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်ကို လာရောက်ဗုံးကြဲရာကနေ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ဗုံးကြဲခံရပြီးနောက် ဒေသခံတချို့ ယာယီတိမ်းရှောင်ခဲ့ရပြီး အများစုကတော့ နေအိမ်မှာပဲ ပုန်းခိုနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ကလည်း ပုလောမြို့နယ် ပြည်ခြားကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး မီးလောင်သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

