ကျိူက်ထို၊ မေ ၂၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့နဲ့ မုပ္ပလင်ကျေးရွာတို့မှာ တစ်ပတ်အတွင်း လူငယ် ၂၅ ဦးထက်မနည်း စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လာမယ့် စစ်မှုထမ်းသင်တန်းအတွက် သင်တန်းသား လိုအပ်နေတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သိမ်ဇရပ်မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာချင်းဆက်လမ်းပိုင်းတွေမှာ စစ်မှုထမ်း ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ကနေ ၃၀ ကြား လူငယ်တွေ ဖြစ်ပြီး ရွှေတွင်းလုပ်သားတွေနဲ့ ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူတွေ အများဆုံး ပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ လူငယ်တွေကို ကျိုက်ထိုအခြေစိုက် အမှတ် ၄၄ တပ်မဌာနချုပ်နဲ့ ကျိုက်ထိုမြို့မရဲစခန်းတို့မှာ ထိန်းသိမ်းထားပြီး မိသားစုဘက်က သွားရောက်တွေ့ဆုံပေမယ့် တွေ့ခွင့်မရဘူးလို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ လာမယ့် ရက်ပိုင်းအတွင်း ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၅ ဖွင့်လှစ်နိုင်ဖို့အတွက် ဒေသတွင်းရှိ လူငယ်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ စစ်မှုထမ်း ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ် ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၄ အထိ စစ်မှုထမ်း တပ်သား စုဆောင်းခံရသူ ၅၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.