သံဖြူဇရပ်၊ မေ ၂၀
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရှုးကျေးရွာ သံဖြူဇရပ် – အနင်းကျေးရွာသွားလမ်းမှာ လက်ပြန်ကြိုးတုပ်ကာ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ အမျိုးသား နှစ်ဦးရဲ့ အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ မေ ၂၀ ရက်နေ့ မနက် ၉ နာရီလောက်က သံဖြူဇရပ် – အနင်းကျေးရွာသွားလမ်းပေါ်မှာ လက်ပြန်ကြိုးတုပ်ပြီး မှောက်လျက် သေဆုံးနေတဲ့ အမျိုသား နှစ်ဦး အလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့တာပါ။
သေဆုံးနေတဲ့ အမည်စုံစမ်းဆဲ အမျိုးသား နှစ်ဦးဟာ ရင်ဘတ်၊လည်ပင်းနဲ့ပေါင်တွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာရရှိထားပြီ နဖူးနဲ့မျက်နှာတွေမှာလည်း ဖူးရောင်ဒဏ်ရာတွေ ရရှိထားပါတယ်။
လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခံထားရတဲ့ အမျိုးသား နှစ်ဦးရဲ့ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံထံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာ ရေး-သံဖြူဇရပ်ကားလမ်းဘေးမှာ ရေနံချေးလိုက်သုတ်တဲ့ အမျိုးသားသုံးဦး လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ခံထားရတာ ဖြစ်ပါတယ်။
သံဖြူဇရပ်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း အရပ်သားပြည်သူတွေ လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေဟာ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
သတင်း – သံလွင်တိုင်းမ်

