မကွေး မေ ၂၀

မကွေးတိုင်း ပွင့်ဖြူမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းကနေ အာဏာသိမ်း စစ်တပ်ဘက်ကို ခိုလှုံလာတဲ့သူတွေကြောင့် ပြည်သူတချို့ ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းက စစ်တပ်ထံ ဘက်ပြောင်းတဲ့ ရဲဘော်တစ်ဦးကြောင့် အဲဒီ တပ်ရင်းနဲ့ဆက်စပ်တယ်လို့ ယူဆရတဲ့ ကျေးရွာသား ၇ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တာပါ။

“ရင်း ၄ က ပြေးလာတဲ့ ရဲဘော်က အကုန်ဖော်တာ။ အဲဒီ တပ်ဖွဲ့ကလည်း တပ်ပြေးတွေအများကြီးပဲ။ အခု လင်မယားနှစ်ယောက်ရယ်၊ ဆိုင်ကယ်ကယ်ရီလိုက်တဲ့သူ တစ်ယောက်ရယ်၊ ရွာခိုင်သား လေးယောက်ရယ် အဖမ်းခံရတယ်။ တချို့သူတွေလည်း ရှောင်ရပြေးရတယ်။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းကနေ ဇန်နဝါရီလမှာ လက်နက် ၃ လက်နဲ့အတူ ရဲဘော် ၇ ဦး၊ မေလအတွင်းမှာ လက်နက် ၃ လက်နဲ့ ရဲဘော် ၄ ဦးဟာ စစ်ကော်မရှင်ဘက်ကို ဘက်ပြောင်းလာတာလို့ သိရပါတယ်။

ပထမအကြိမ် ရဲဘော် ၇ ဦး ဘက်ပြောင်းစဉ်ကလည်း ကျောင်းကုန်းကြီးရဲ့ အနောက်ဘက်ကျေးရွာတွေကို ဘက်ပြောင်းရဲဘော်တွေနဲ့အတူ စစ်ကြောင်းထိုးပြီး နေအိမ် တချို့ကို မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

မေလအတွင်း ဘက်ပြောင်းသူ ၄ ဦး နောက်ပိုင်းမှာတော့ အဲဒီ တပ်ရင်းနဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့သူတွေကို လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီလိုမျိုး ဘက်​ပြောင်းခိုလှုံသူတွေဟာ ​တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ရွာတွေမှာစည်းရုံးဟောပြောတာ၊ ရိက္ခာကောက်ခံတာနဲ့ ထောက်ပို့ပြည်သူတွေနဲ့ ဆက်ဆံတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် အဲဒီ ကျေးရွာတွေကနေ အာဏာသိမ်း စစ်တပ်စိုးမိုးရာ ကျေးရွာတွေဘက်ကို စျေးဝယ်တာ၊ ကျန်းမာရေးကိစ္စ သွားတာတွေအတွက်ပါ စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

တပ်ပြေးရဲဘော်တွေ များနေတာကြောင့် NUG တာဝန်ရှိသူတွေအနေနဲ့ သေချာစိစစ်ဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.