ပွင့်ဖြူ၊ မေ ၂၁
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ဈေးရောင်းပွဲတော် လာရောက်သူတွေကို စစ်တပ်လက်အောက်ခံတွေက ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေကသံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၂ ရက်ကစလို့ ဈေးရောင်းပွဲတော်ကို စတင်ပြုလုပ်တာဖြစ်ပြီး ဈေးပွဲတော်ကို လာရင် မဖမ်းပါဘူးလို့ စစ်တပ်လက်အောက်ခံတွေက လိုက်လံကြေညာထားပေမဲ့ မေ ၁၉ ရက် ညပိုင်းမှာတော့ လူ ၄၀ နီးပါး အဖမ်းခံခဲ့ရတာပါ။
“သူတို့ အုပ်ကြီးတွေနဲ့ စစ်တပ်နီးစပ်တဲ့သူတွေက ဈေးပွဲတော်ကို သွားရင် မဖမ်းဘူး။စည်တယ်ဆိုပြီး ရွာတွေကို လိုက်ပြောတယ်။ အခုတော့ဖမ်းတာ ကားတွေရော လူတွေရောအများကြီးပဲ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဈေးပွဲတော် အကြောင်းပြပြီး ဖမ်းဆီးခံရတဲ့ ကားနဲ့ ဆိုင်ကယ် အစီး ၂၀ ကျော်ရှိပြီး လူဦးရေ ၄၀ နီးပါးလောက်ရှိတယ်လို့ ဖမ်းဆီးခံထားရာကနေ လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူအများစုဟာ မုန်းချောင်းရဲ့မြောက်ဘက်ခြမ်း ကျေးရွာတွေက အများစုဖြစ်ပြီး ကျောင်းကုန်းကြီးနဲ့ ရွာခိုင်ကျေးရွာတွေက ပျူစောထီးတွေက ဖမ်းဆီးတာဖြစ်တယ်လို့ ပြောပါတယ်။
ဖမ်းဆီးထားသူ တချို့ကို ကျပ်သိန်း ၃၀ ကနေ ၁၄၀ နဲ့ ပြန်လည်ရွေးခဲ့ရပြီး ငွေကြေးမတတ်နိုင်သူတွေကတော့ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

