သံဖြူဇရပ် ၊ မေ ၂၁

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် လမ်းပိုင်းတွေမှာ အခုရက်အတွင်း လူသတ်အလောင်းစွန့်ပစ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအပေါ် အကြီးအကျယ် ခြိမ်းခြောက်လာပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာ ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ ရေးနံချေးလိုက်သုတ်တဲ့ အမျိုးသား သုံးဦးကို လက်ပြန်ကြိုးတုပ်ကာ သေနတ်နဲ့ ပစ်သတ်ပြီးနောက် အလောင်းစွန့်ပစ်သွားတာပါ။

အလားတူ မေ ၂၀ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာလမ်းပိုင်းမှာ တာဝါတိုင် ဆီလာဖြည့်တဲ့ မြန်မာဆက်သွယ်ရေးလုပ်ငန်း MPT ဝန်ထမ်း နှစ်ဦးကိုလည်း လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ပြီးနောက် အလောင်းစွန့်ပစ်မှု ထပ်မံဖြစ်ပွားခဲ့တာပါ။

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့သူတွေဟာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် ဦးခေါင်း၊နားထင်၊လည်ပင်းနဲ့ရင်ဘတ်တွေကို ရည်ရွယ်ချက်ရှိရှိ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ ဖြစ်ပါတယ်။

သံဖြူဇရပ်လမ်းပိုင်းမှာ အခုလို သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေ တွေ့ရပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ခြင်း မရှိတာ၊ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့လာတာကြောင့် ဒေသခံတွေဟာ သူတို့ရဲ့ လုံခြုံရေးအပေါ် စိုးရိမ်ပူပန်မှု မြင့်တက်လာပါတယ်။

သံဖြူဇရပ် ဒေသခံ တစ်ဦးက အခုလို လူသတ် အလောင်းစွန့်ပစ်မှု ဖြစ်စဉ်တွေကြောင့် ခရီးသွားရင်တောင် လုံခြုံမှုမရှိတော့သလို လူတစ်ယောက်ကို လွယ်လွယ်ကူကူ သတ်တဲ့ ဘယ်အဖွဲ့ကိုမှ လက်မခံနိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ခရီးသွားလည်း လုံခြုံမှု မရှိ ဘယ်သူမှ တာဝန်ခံမှု တာဝန်ယူမှု မရှိ။ တဖက်က မေးတော့လည်း တဖက်က မသိ ဒီဘက်က မေးတော့လည်း သူတို့ မဟုတ်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူက ဘာလုပ်မှန် မသိဘူး။ ကြားထဲကနေ အပြစ်မဲ့ ပြည်သူတွေကို ကြက်ကလေး ငှက်ကလေး သတ်သလို သတ်နေတာ တော်တော်တော့ အကျည်းတန် ရုပ်ဆိုးတယ်။ကျွန်တော်တို့ လုံးဝ ဒီကိစ္စကို လက်မခံဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို တရားဥပဒေမဲ့ လုပ်ရပ်တွေ ဖြစ်နေတာကြောင့် ဒေသခံတွေအပြင် ရွှေ့ပြောင်းလာရောက် အလုပ်လုပ်ကိုင်သူတွေကအစ လမ်းထွက်ရင်တောင် လုံခြုံမှု မရှိတော့သလို အလုပ်သွား အလုပ်ပြန်ကအစ စိုးရိမ်စိတ်နဲ့ သွားလာနေရတယ်လို့ သူက ဆက်ပြောပါတယ်။

သံဖြူဇရပ် ဒေသခံ နောက်တစ်ဦးကလည်း အခုလို လူသတ် အလောင်းစွန့်ပစ်မှုတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ခရီးသွားလာရတာတွေကအစ ဒုက္ခ ရောက်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ဘက်မှာတော့ ဒါတွေကတော့ ခဏခဏ ဖြစ်နေတယ်။ အမြဲကြား နေရတယ်။ ခဏခဏလည်း ဖြစ်နေတယ်။ ဖြစ်လာတော့လည်း မကောင်းဘူးပေါ့။ သွားလာရတာ နည်းနည်းတော့ ဒုက္ခ ရောက်တာပေါ့၊ ခရီးသွားလာ ရတာ မကောင်းဘူး”လို့ ဆိုပါတယ်။

အခုလို သံဖြူဇရပ်မြို့နယ်မှာ လူသတ် အလောင်းစွန့်ပစ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေမှုကို ဘယ်လက်နက်ကိုင် အဖွဲ့အစည်းတွေကမှ တစ်စုံတစ်ရာ တာဝန်ယူပြီး ဖော်ထုတ်တာ အရေးယူတာ မရှိသေးပါဘူး။

သံဖြူဇရပ်မြို့နယ်ဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ အာဏာသိမ်းစစ်တပ်၊ ရဲတပ်ဖွဲ့၊ အပစ်ရပ် မွန်ပြည်သစ်ပါတီ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ၊ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ MSRF ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တို့လည်း စစ်ရေး လှုပ်ရှားတာ ရှိနေပါတယ်။

ဒါ့အပြင် စစ်တပ်သြဇာခံ မွန်ဌာနေပြည်သူ့စစ်အဖွဲ့တွေ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့တွေ၊ ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့တွေအပြင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တပ်ဖွဲ့ဝင်တချို့လည်း လှုပ်ရှားသွားလာတွေ ရှိနေပါတယ်။

ဒေသခံတွေကတော့ ဒီဖြစ်စဉ်တွေကို သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ စုံစမ်းဖော်ထုတ်ပေးဖို့နဲ့ အခုလို အရပ်သားပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်နေမှုအပေါ် ရပ်တန့်နိုင်အောင် ဝိုင်းဝန်းထိန်းကြောင်းပေးဖို့ တောင်းဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.