နေပြည်တော် ၊ မေ ၂၁
စစ်အစိုးရက အတိုက်အခံအင်အားစုတွေနဲ့ စားပွဲဝိုင်းပေါ် ဆွေးနွေးလိုတဲ့ သဘောထားပြသလာတယ်လို့ နေပြည်တော်ကို လာရောက်ခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ မိုဟာမက် ဟာဆန်က ပြောပါတယ်။
မေ ၁၉ ရက်နေ့က စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တဲ့ နေ့ချင်းပြန်ခရီးစဉ်ပြီး နိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှာ သတင်းထောက်တွေကို သူက အသိပေးပြောကြားခဲ့တာပါ။
အတိုက်အခံအင်အားစုတွေနဲ့ စစ်အုပ်စုတို့ စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးနိုင်ရေး မလေးရှားက ကူညီပေးဖို့ အသင့်ရှိနေပြီး ဖိအားပေးတဲ့ ပုံစံမျိုး မဖြစ်အောင် သတိထားလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က အာဏာသိမ်းမှုအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပြည်သူကို ဦးတည်တဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေမှာ အဓိက တာဝန်ရှိတဲ့ မင်းအောင်လှိုင်နဲ့ စကားပြောစရာ အကြောင်းမရှိဘူးလို့ တုံ့ပြန်ပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က တရားဝင် ထုတ်ပြန်ထားတဲ့ နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို စစ်တပ်က လူတွေ အာမခံနိုင်ရင် အခြေအနေက ပြောင်းလဲနိုင်စရာရှိတယ်လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မင်းအောင်လှိုင်မဟုတ်တဲ့ အခြားသော စစ်တပ်ထဲက သူတွေက ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို လက်ခံတယ်။ အာမခံတယ်ဆိုရင်တော့ အခြေအနေက တစုံတရာ ပြောင်းလဲနိုင်စရာ ရှိတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ဒါဘယ်လိုမှ ဖြစ်နိုင်ခြေမရှိဘူး။ အဲဒီတော့ ဒါကိုလည်းပဲ နိုင်ငံတကာကိုရော ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကလည်း တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်ဗျ”လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အပါအဝင် KIO ၊ KNU ၊ KNPP နဲ့ CNF တို့ ပြီးခဲ့တဲ့ မတ်နှောင်းပိုင်းမှာ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို ဘုံသဘောထားရပ်တည်ချက်တွေအဖြစ် ထပ်မံ အတည်ပြုထားကြတာပါ။
အဲဒီထဲမှာ စစ်အာဏာသိမ်းမှုကို အပြီးတိုက်ဖယ်ရှားပြီး စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို အဆုံးသတ်ဖို့ အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရေးနဲ့ အဲဒီဥပဒေကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရေးလည်း ပါဝင်ပါတယ်။
ဒါ့အပြင် သက်ဆိုင်သူအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းရေးနဲ့ ထွက်ပေါ်လာတဲ့ အဲဒီဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ဖို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီမှာ ဦးမင်းအောင်လှိုင်က သူဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ လာမယ့် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ထိုးနဲ့ အပစ်ရပ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
အဲဒီထဲမှာ NCA လက်မှတ်ရေးထိုးထားပြီး အာဏာသိမ်းမှု ၅ နှစ်အတွင်း တွေ့ဆုံဆွေးနွေးခြင်း မရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ကို နာမည်တပ်ပြီး ကမ်းလှမ်းထားတာပါ။
ဒီအခြေအနေမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကနေတဆင့် စစ်အစိုးရက အတိုက်အခံအင်အားစုတွေနဲ့ ဆွေးနွေးလိုတဲ့ သဘောထားရှိတဲ့အပေါ် KNU ပြောခွင့်ရ ပဒိုစောတောနီးက ယုံကြည်မှု တည်ဆောက်လို့ မရရင် ဘာမှ လုပ်လို့ မရဘူးလို့ မှတ်ချက်ပြုပါတယ်။
“ဒီလိုမျိုး ပြောနေတာတော့ ကြာပါပြီဗျာ။ တကယ့်လက်တွေ့ ပြနိုင်ပြီးတော့ တကယ် ယုံကြည်မှုကို တည်ဆောက်နိုင်တဲ့ဟာကို မပြနိုင်သရွေ့ကတော့ ဒါဟာ ကျွန်တော်တို့ဘက်က သိပ်များများစားစား မပြောချင်ဘူး။ အဓိက ပြောချင်တာကတော့ ယုံကြည်မှုတွေ တည်ဆောက်လို့ မရရင်တော့ ဘာမှ လုပ်လို့ မရဘူးဆိုတာကို ပြောချင်ပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်ဟာ ဖီလစ်ပိုင်နိုင်ငံ ဆီဘူးမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးအပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို ဆန်းစစ်လေ့လာဖို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။
စစ်အစိုးရကတော့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနဲ့ မလေးရှားနိုင်ငံအကြား ဆက်ဆံရေးနဲ့ အာဆီယံဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဆွေးနွေးကြတယ်လို့ နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေမှာ သတင်းထုတ်ပြန်ထားတာပါ။
တစ်ဘက်မှာ အာဏာသိမ်းမှုအတွင်း လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ရေးအရ အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်နေသလို PDF တွေ အင်အားရာချီ လက်နက်ချ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်းရှိ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မောတောင်မြို့ကို မေ ၁၉ ရက်နေ့မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြပါတယ်။
ဒါ့အပြင် နိုင်ငံနဲ့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လက်ခံယုံကြည်တဲ့ PDF အဖွဲ့တွေက အမျိုးသား ၂၇၇ ဦးနဲ့ အမျိုးသမီး ၃၅ ဦးတို့ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာတယ်လို့ စစ်အစိုးရက ဝါဒဖြန့်ထားတာပါ။
စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ထဲမှာ PDF တွေကို လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်ထားပြီး တော်လှန်ရေးအဖွဲ့တွေဘက်က စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- MOI

