မောတောင်၊ မေ ၂၀

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တဲ့ တနင်္သာရီတိုင်း မောတောင်မြို့ကို အာဏာသိမ်း စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့ထုတ် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ မောတောင်မြို့ကို ပြန်လည်ရရှိဖို့အတွက် အချိန် ၆ လကျော်အကြာ မြေပြင်ဝေဟင် ထိုးစစ်တွေ အပြင်းအထန် ဆင်နွှဲပြီးနောက် မေ ၁၉ ရက်နေ့မှာ မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။

မောတောင်မြို့ထဲ ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းတွေဟာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တာကြောင့် ပြန်မပစ်ဘဲ မြို့ကို လက်လွှတ်ပေးခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အချိန် ၆ လကျော်ကြာမြင့်ခဲ့တဲ့ မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း ထိတွေ့တိုက်ပွဲ ၂၀၇ ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ် စစ်တပ်က မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်လိုက်တဲ့အတွက် ဘုန်ကြီးကျောင်းတွေမှာ စစ်ရှောင်နေတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ နေရာတွေကို ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နယ်စပ်ကုန်သွယ်ရေးအတွက် အလွန်အရေးပါတဲ့ မောတောင်မြို့ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၄၀ ကျော် အရှင်ဖမ်းမိခဲ့တာပါ။

မောတောင်မြို့ဟာ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ တနင်္သာရီတိုင်းစစ်ဌာနချုပ် တစ်ခုဖြစ်ပြီး ဒီမြို့ကို KNU က နှစ်ပေါင်း ၃၅ နှစ်အကြာမှာ ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ၆ လအကြာမှာပဲ လက်လွှတ်ပေးခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.