ကျိုက်မရော၊ မေ ၂၀
နှစ်ဖက်တိုက်ပွဲတွေကြောင့် ၂ နှစ်ကျော်ကြာ ပိတ်ထားခဲ့ရတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စစ်အစိုးရဘက်က ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ချောင်းနှစ်ခွရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဟာ မေ ၁၈ ရက်နေ့ကစလို့ ကျေးရွာအတွင်းရှိ အထက်တန်းကျောင်းနဲ့ မူလလတန်းကျောင်းတို့မှာ မိုင်းရှင်းလင်းတာနဲ့ စာသင်ဆောင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာပါ။
အာဏာသိမ်း စစ်အစိုးရဟာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ချောင်းနှစ်ခွကျေးရွာ စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့အတွက် ဆရာ၊ ဆရာမတွေကိုလည်း ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ဖိအားပေးတာတွေ ရှိနေပါတယ်။
ဒေသခံတွေကတော့ နှစ်ဖက်တိုက်ပွဲအတွင်း ကျေးရွာထဲမှာ တိုက်ပွဲလက်ကျန် စစ်လက်နက်ပစ္စည်းတွေ ရှိနေသေးတာကြောင့် ကလေးသူငယ်တွေရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်စစ်အစိုးရက စာသင်ကျောင်းတွေပြန်ဖွင့်ဖို့ လုပ်နေပေမယ့် စစ်ဘေးရှောင်နေရာကနေ ကျေးရွာအတွင်း ပြန်လည်နေထိုင်သူတွေဟာ ရွာလူဦးရေရဲ့ထက်ဝက်နီးပါးပဲ ရှိသေးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် မိုင်းခွဲဖျက်ဆီးခံထားရတဲ့ ချောင်းနှစ်ခွတံတား ပြန်လည်ပြင်ဆင်တာတွေ မလုပ်ရသေးတာကြောင့် ကြားအင်းဆိပ်ကြီးမြို့နယ်ဘက်က ကျောင်းသားတွေ ကျောင်းလာတက်ဖို့ အခက်အခဲ ရှိနေတာပါ။
ပြီးခဲတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ချောင်းနှစ်ခွရဲစခန်း တိုက်ပွဲကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီ နေရပ်စွန့်ခွာခံခဲ့ရပြီး ကျောင်းသူကျောင်သားတွေကလည်း ပညာသင်ယူခွင့် ဆုံးရှုံးခဲ့ရတာပါ။
ချောင်းနှစ်ခွတိုက်ပွဲကြောင့် ဒေသခံ နေအိမ် ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရသလို အရပ်သားပြည်သူ ၃၀ ထက်မနည်း ထိခိုက်သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

