သရက်ချောင်း၊ မေ ၂၀

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာမှာ အသက်မပြည်သေးတဲ့ ကလေး နှစ်ဦး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့က စုံစင်ဖျားကျေးရွာနေ အသက် ၁၃ နှစ်အရွယ် မောင်အောင်မျိုးထွေးနဲ့ အသက် ၁၆ နှစ်အရွယ် မောင်မြင့်မြတ်တို့ဟာ နေအိမ်အနောက်ဘက်က ဥယျာဉ်ခြံထဲမှာ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေး နှစ်ဦးဟာ လက်၊ပေါင်အပါအဝင် ခန္ဓာကိုယ်အနှံ့မှာ မိုင်းအစထိမှန် ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် ထားဝယ်ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရပါတယ်။

မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဒေသခံတွေဟာ ကျေးရွာအနီးရှိ ဥယျာဉ်ခြံနဲ့တောစပ်တွေကို သွားလာဖို့ ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။

ဒီမြေမြှုပ်မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စုံစင်ဖျားကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ ပြီးခဲ့တဲ့ မတ်လနဲ့ဧပြီလအတွင်း နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားထားပြီး တိုက်ပွဲအတွင်း ပေါက်ကွဲစေတတ်တဲ့ စစ်သုံးလက်နက်ပစ္စည်း အကြွင်းအကျန်တွေ ကျန်ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ကျေးရွာမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.