ရေး၊ မေ ၁၉

မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာ ဘူတာပိုင်းမှာ ရာအိမ်မှူး တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ မေ ၁၈ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ အသက် ၅၀ နှစ်ကျော်အရွယ် ရာအိမ်မှူး ဦးဇော်လွင်ဟာ သူပိုင်တဲ့ ဈေးဆိုင်အရှေ့မှာပဲ ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမား နှစ်ဦးက သေနတ်နဲ့အနီးကပ် ပစ်ခတ်သွားခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ရာအိမ်မှူး ဦးဇော်လွင်ဟာ ဦးခေါင်း နောက်စေ့၊ ပါးနဲ့ လက်ဖဝါးတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ ဦးဇော်လွင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ရာအိမ်မှူး ဖြစ်လာသူဖြစ်ပြီး လယ်ယာနဲ့မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရေးမြို့နယ် နှစ်ကရင်ကျေးရွာဟာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တချို့ စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ကလည်း ရေးမြို့နယ် လမိုင်းမြို့ပေါ်မှာ စစ်ကော်မရှင်ရဲ့ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး ထွန်းရာကျော်ကို ရေးဘီလူးအဖွဲ့က လုပ်ကြံသတ်ဖြတ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.