မော်လမြိုင်၊ မေ ၁၉
မွန်ပြည်နယ်က လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရှိ ဝန်ထမ်းတွေ ငွေကြေးတောင်းခံရင် တိုင်ကြားနိုင်ပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ ပြည်နယ် လဝက ဦးစီးမှူးရုံးကနေ အသိပေးထုတ်ပြန်ပါတယ်။
အာဏာသိမ်း စစ်အစိုးရသစ်ရဲ့ လဝက ဝန်ကြီးဌာနအနေနဲ့ ရက် ၁၀၀ “လမင်းစီမံချက်”အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုစာရင်းတွေကို မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲလို လုပ်ဆောင်ပေးရမှာ ပြည်သူတချို့ဟာ ကိုယ်တိုင်မလုပ်ဘဲ ပွဲစားတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့အတွက် မလိုလားအပ်တဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်နေပြီး ပွဲစားတွေနဲ့ ပါဝင်ပတ်သက်တဲ့ ဝန်ထမ်းတွေကို အရေးယူနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မွန်ပြည်နယ်အတွင်းရှိ လဝကရုံးတွေမှာ ငွေကြေးတောင်းခံပါက မွန်ပြည်နယ် လဝက ဦးစီးမှူးရုံး ဖုန်းနံပါတ်ဖြစ်တဲ့ 09-692,276,358 ကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို ကြေညာထားပါတယ်။
ဒေသခံပြည်သူ နှစ်ဦးကတော့ အာဏာသိမ်းကာလအတွင်း လဝက ဝန်ထမ်းတွေဟာ အဂတိလိုက်စားမှုကို အများဆုံး ကျူးလွန်ထားတဲ့အတွက် သူတို့ကို အရေးယူမယ်ဆိုတဲ့ ကြေညာမှုဟာ ရယ်စရာ ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။
ဒါကြောင့် လဝက ဝန်ထမ်းတွေရဲ့ လာဘ်စားမှုတွေကို ဝန်ကြီးဌာနအနေနဲ့ ထိရောက်စွာ ကိုင်တွယ်ဖို့ လိုအပ်ပြီး အရေးယူဆောင်ရွက်မှုတွေကို အမည်စာရင်းတကွ သတင်းထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။
တဖက်မှာလည်း လဝက ဝန်ကြီးဌာနက သူတို့ဝန်ထမ်းတွေ အဂတိလိုက်စားကြောင်း သတင်း ခိုင်လုံမှုမရှိဘဲ အွန်လိုင်းမှ ပြောဆိုမှုတွေကို တည်ဆဲဥပဒေနဲ့အရေးယူဆောင်ရွက်သွားမယ်လို့ မေ ၁၈ ရက်နေ့ ရက်စွဲနဲ့ ပြည်သူတွေကို ပြန်လည်ခြိမ်းခြောက်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

