နေပြည်တော် ၊ မေ ၂၀

လက်လွှတ်နယ်မြေတချို့ ပြန်လည်ထိန်းချုပ်လာနိုင်မှု အပါအဝင် ပြည်သူ့စစ်မှုထမ်းတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုကို ရရှိနေသလို စစ်တပ်နဲ့ ပြည်သူတစ်သားတည်းလို့ စစ်အစိုးရက ဝါဒဖြန့်လာပါတယ်။

တပ်ချုပ် တာဝန်လွှဲအပ်ခံရတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ‌မေ ၁၈ ရက်နေ့မှာ ကလောတပ်နယ်က အရာရှိ စစ်သည် မိသားစုတွေနဲ့ တွေ့ဆုံချိန်မှာ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ဒေသခံ ပြည်သူတွေအနေနဲ့ ဂုဏ်ပြုကြိုဆိုကြတယ်လို့ ပြောပါတယ်။

စစ်တပ်အနေနဲ့ လက်နက်ကိုင်အဖွဲ့တွေ စိုးမိုးထားတဲ့ မြို့ရွာတွေကို တစ်ခုပြီးတစ်ခု ပြန်လည်ထိန်းချုပ်ပြီး ပျက်စီးခဲ့တဲ့ ဌာနဆိုင်ရာ ရုံးအဆောက်အအုံတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ ဒေသခံပြည်သူရဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်တည်ဆောက်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စစ်တပ်နဲ့ ပြည်သူ လက်တွဲလုပ်ဆောင်နေသလို ဆက်သွယ်ရေးလမ်းကြောင်းတွေကိုလည်း ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပြီး ပျက်စီးခဲ့တဲ့ လမ်းတံတားတွေကိုလည်း ပြုပြင်ပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

ဆက်သွယ်ရေးလမ်းကြောင်းတွေထဲမှာတော့ တောင်ပိုင်းက မြဝတီ – သင်္ဃန်းညီနောင် – ကော့ကရိတ် နဲ့ အလယ်ပိုင်းက မန္တလေး – မတ္တရာ – သပိတ်ကျင်း – တကောင်း – ထီးချိုင့် – ကသာ – အင်းတော် – မော်လူး – မိုးညှင်း – မိုးကောင်း – မြစ်ကြီးနား တို့ဖြစ်ပါတယ်။

အဲဒီဒေသတွေမှာ ပျက်စီးခဲ့တဲ့ လမ်းတံတားတွေကို လက်နက်ကိုင်အဖွဲ့တွေက ဖျက်ဆီးတာလို့ စွပ်စွဲထားပြီး စစ်တပ်ရဲ့ ထိရောက်တဲ့ စစ်ဆင်ရေးတွေအပေါ် လူထုရဲ့ ယုံကြည်အားကိုးမှုကို ရရှိနေတယ်လို့ တပ်ချုပ် ရဲဝင်းဦးက ဝါဒဖြန့် ပြောကြားထားတာပါ။

လေတပ် CDM တပ်ကြပ်ကြီး ဇေယျက တော်လှန်ရေးအဖွဲ့တွေနဲ့ ယှဉ်ရင် စစ်တပ်က လက်နက် လူသူ ငွေအင်အားတွေ သာနေပေမယ့် ပြည်သူလူထုရဲ့ ထောက်ခံမှုကို မရရှိတဲ့အတွက် အလုံးစုံ မထိန်းချုပ်နိုင်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လက်ရှိအနေအထားမှာ သူတို့ (စစ်တပ်) အနေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ယှဉ်မယ်ဆို လက်နက်အင်အား လူအင်အား ငွေအင်အား အကုန်လုံးက အစစအရာရာ သာတယ်။ အခုချိန်ထိ သူတို့ကို ပြည်သူလူထုက မထောက်ခံတဲ့အတွက် သူတို့ အလုံးစုံကို ပြန်ပြီး မရနိုင်တာပေါ့။ ဒါကြောင့်မို့လို့ သူတို့ လက်ရှိ ဖြစ်နေတဲ့ ဟာတွေကလည်း ပြည်သူလူထု မထောက်ခံလို့ကို သူတို့မှာ ကျန်တဲ့ Fire Power ကအစ ငွေအင်အား လူအင်အား သာရဲ့သားနဲ့ အရင်းအမြစ်တွေ ရှိရဲ့သားနဲ့ သူတို့ ဘာမှ မလုပ်နိုင်တာပေါ့။ ဒါကြောင့်မို့လို့ ပြည်သူလူထု ထောက်ခံတယ်ဆိုတာက လုံးဝ မဖြစ်နိုင်တဲ့ အလုပ်ပေါ့နော်။ လက်ရှိ အကြောက်တရားနဲ့ အုပ်ချုပ်နေလို့သာ ပြည်သူတွေက ငြိမ်ခံနေရတဲ့ ပုံစံမျိုးပဲ ရှိတယ်”လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကြောင့် အဆိုးဝါးဆုံးအခြေအနေနဲ့ ပြိုလဲလုမတတ်ဖြစ်ခဲ့တဲ့ စစ်တပ်ဟာ အသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေနဲ့ တရုတ်အစိုးရရဲ့ ကျားကန်ပေးမှုကြောင့် လက်လွှတ်နယ်မြေတချို့ ပြန်ထိန်းချုပ်နိုင်ခဲ့တာပါ။

ဒါပေမယ့် ပြည်နယ်တစ်ခုလုံးနီးပါး လက်လွှတ်ထားရတဲ့ ရခိုင်ပြည်နယ် အပါအဝင် အညာဒေသနဲ့ တောင်ပိုင်းဒေသမှာ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတဲ့အတွက် စစ်တပ်အနေနဲ့ မြေပြင်မှာ အသည်းအသန်လုပ်နေရတာလို့ စစ်ရေးအကဲခတ်တွေက ‌ထောက်ပြပါတယ်။

တပ်ချုပ် ရဲဝင်းဦးကတော့ ၂၀၂၁ ခုနှစ်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ နိုင်ငံအနှံ့ ပေါ်ပေါက်လာခဲ့မှုကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သုံးနှုန်းပြီး စစ်တပ်နဲ့ ပြည်သူကို သွေးခွဲဖို့ နည်းမျိုးစုံနဲ့ ကြိုးစားလုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲအပြစ်တင်ပါတယ်။

အချို့ဝန်ထမ်းတွေလည်း နိုင်ငံရေးနဲ့ နိုင်ငံ့အရေးကို ကွဲကွဲပြားပြား သိမြင်မှုမရှိဘဲ နားယောင်ပြီး အာဏာဖိဆန်ခဲ့လို့ ခက်ခဲမှုများစွာနဲ့ နိုင်ငံနဲ့ ပြည်သူလူထုအတွက် ကြိုးစားလုပ်ဆောင်ခဲ့ရကြောင်းကိုလည်း သူက ထည့်သွင်းပြောဆိုခဲ့တာပါ။

ဒါဟာ တပ်ချုပ်ဟောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ သမ္မတဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့အရေး နိုင်ငံ့အာဏာကို စစ်တပ်က သိမ်းယူခဲ့မှုကြောင့်ဆိုတာကို မျက်ကွယ်ပြုပြီး လိမ်လည်ဝါဒဖြန့်တာလို့ CDM တပ်အရာရှိတချို့က ထောက်ပြပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က လက်နက်ကိုင်တော်လှန်မှုကို အကြမ်းဖက်နှိမ်နင်းတဲ့ ပုံစံမျိုးနဲ့ ဝါဒဖြန့်လာတဲ့ အနေအထားမို့ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း တန်ပြန်ပြီး စိတ်ဓာတ်စစ်ဆင်‌ရေး လုပ်သင့်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“အာဏာသိမ်းဖြစ်စဉ်ကို ဖျောက်ဖျက်ပြီးခါမှ လက်နက်ကိုင်တော်လှန်မှုကို အကြမ်းဖက်မှုနှိပ်နင်းရတဲ့ ပုံစံမျိုး ဝါဒဖြန့်လာတဲ့ အနေအထားမျိုးပဲ။ ဒါကြောက်ဖို့ ကောင်းတယ်။ ဒါဟာ ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ မှီလိုက်ရတဲ့ မျိုးဆက်တွေက ကိစ္စမရှိဘူး။ နောက်ပိုင်းမျိုးဆက်တွေဆိုရင် လက်နက်ကိုင်တော်လှန်တဲ့သူတွေကပဲ အမှားတစ်ရပ် ပုံစံမျိုး ဖြစ်လာအောင်ထိ ဝါဒဖြန့်လာတာ။ အဲဒီဝါဒဖြန့်တဲ့ဟာက ကြောက်စရာကောင်းတယ်။ ဒါကြောင့် ကျွန်တော်တို့က အာဏာသိမ်းလိုက်လို့သာ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်လာတယ်ဆိုတာမျိုးကို တစိုက်မတ်မတ် စိတ်ဓာတ်စစ်ဆင်ရေးရော တန်ပြန်ဝါဒဖြန့်တဲ့ အနေအထားမျိုးတွေ လုပ်ရမယ့် အနေအထားမျိုးလို့ ကျွန်တော်တို့က ယူဆတယ်”လို့ ဆိုပါတယ်။

တစ်ဘက်မှာတော့ ပြည်သူ့စစ်မှုထမ်းတွေ တာဝန်ကျေပွန်မှုတွေဟာ နိုင်ငံလုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍမှာ ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်လာပြီး စစ်တပ်နဲ့ ပြည်သူ တစ်သားတည်းဖြစ်တည်မှုကို သက်သေထူတဲ့ မှတ်တိုင်တစ်ခုလို့ စစ်အစိုးရက ဝါဒဖြန့်ထားပါသေးတယ်။

တကယ်တမ်း စစ်မှုထမ်း စတင်ခေါ်ယူတဲ့ အပတ်စဉ် ၁ ကစပြီး လက်ရှိအချိန်ထိ လူငယ်တွေကို မဲနှိုက်ရွေးချယ်တာ၊ အတင်းအဓမ္မဖမ်းဆီးတာ၊ ပေါ်တာဆွဲတာ၊ ဒေသန္တရအမိန့် ဖောက်ဖျက်တဲ့ အကြောင်းပြချက်နဲ့ စစ်မှုထမ်းခိုင်းတာ၊ လူဌားရမ်းတာတွေ စတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်နေတာပါ။

မေ ၁၈ ရက်နေ့က စစ်မှုထမ်းအပတ်စဉ် ၂ က တပ်သားတွေ သတ်မှတ်ကာလပြည့်လို့ တာဝန်ထမ်းဆောင်ပြီးကြောင်း လက်မှတ်နဲ့ ဂုဏ်ပြုတံဆိပ်ချီးမြှင့်ပေးအပ်တဲ့ အခမ်းအနားကို တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ပြုလုပ်ခဲ့ပါတယ်။

စစ်မှုထမ်း စတင်ခေါ်ယူတဲ့ အ‌စောပိုင်းကာလတွေအတွင်း အပတ်စဉ် တစ်ခုကို တပ်သားအင်အား ၅၀၀၀ နှုန်းခေါ်ယူဖို့ လျာထားတဲ့ စစ်တပ်အနေနဲ့ သတ်မှတ်ကာလပြည့်မြောက်လို့ အိမ်ပြန်နိုင်သူ အရေအတွက်ကိုတော့ အသိပေးဖော်ပြခြင်း မရှိပါဘူး။

မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက စစ်မှုထမ်း အပတ်စဉ် အစောပိုင်းတွေဟာ တိုက်ပွဲပြင်းထန်တဲ့ ကာလမို့ ထိခိုက်ဆုံးရှုံးမှုများနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အပတ်စဉ် ၁ ၂ ၃ ၄ ၅ တွေက အင်မတန်မှ ထိခိုက်ဆုံးရှုံးမှုများတဲ့ အပတ်စဉ်တွေပဲ ဖြစ်တယ်။ အဲဒီကျတော့ အပတ်စဉ် ၂ တွေ ၃ တွေဆိုလည်း အများဆုံးထဲမှာ သူလည်းပါတော့ သူတို့လည်း ထိခိုက်ဆုံးရှုံးမှု ပမာဏတွေ များမယ်ထင်တယ်၊ (အိမ်) ပြန်လွှတ်နိုင်တဲ့ အရေအတွက်လည်း (အပတ်စဉ် ၁ နဲ့) ရာခိုင်နှုန်းတွေတောင် မတိမ်းမယိမ်း အနေအထားပဲ ရှိလိမ့်မယ်လို့ ကျွန်တော်တို့ ယူဆတယ်”လို့ ဆိုပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၁ မှာ တပ်အင်အား ၅၁၀၀ ကျော်ရှိတဲ့ထဲက နေရပ်ပြန်လာနိုင်သူ အရေအတွက်ဟာ ၂၀၀၀ ဝန်းကျင်သာ ရှိတဲ့အတွက် လူငယ် ၃၀၀၀ ဟာ ပျောက်ဆုံးနေတယ်လို့ MDSI ရဲ့ အချက်အလက်တွေကနေ သိရပါတယ်။

စစ်အစိုးရကတော့ နိုင်ငံအတွက် လိုအပ်နေချိန်မှာ အသက်ကို ပဓာနမထားဘဲ နိုင်ငံ့အကျိုးအတွက် စစ်တပ်ရဲ့ အရန်အင်အားအဖြစ် ဖြည့်ဆည်းလုပ်ဆောင်ပေးခဲ့မှုအပေါ် နိုင်ငံတော်နဲ့ စစ်တပ်က တန်ဖိုးထား လေးစားဂုဏ်ပြုတယ်လို့ နှစ်သိမ့်ထားတာပါ။

ဒါ့အပြင် သတ်မှတ်ကာလပြည့်လို့ မိမိဆန္ဒအလျောက် စစ်တပ်မှာ ဆက်လက်တာဝန်းထမ်းဆောင်လို့ ရသလို အစိုးရဝန်ထမ်းနဲ့ ပြည်တွင်းပြည်ပမှာ အလုပ်အကိုင်ရရှိဖို့ကိုလည်း ချိတ်ဆက်လုပ်ဆောင်ပေးသွားမယ်လို့ မက်လုံးပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.