တီဟီရန်၊ မေ ၁၉
အီရန်က ပိတ်ဆို့ထားပြီး သင်္ဘောတွေ ဖြတ်သန်း သွားလာခွင့်အတွက် အဖိုးအခ ကောက်ခံလိုတဲ့ ဟောမု့ဇ် ရေလက်ကြားကို စီမံခန့်ခွဲရေး အဖွဲ့သစ် ဖွဲ့စည်းကြောင်း အီရန် ထိပ်တန်း လုံခြုံရေး အဖွဲ့က မေ ၁၈ ရက်မှာ ကြေညာပါတယ်။
အဲဒီ သတင်းကို အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ကလည်း လူမှုမီဒီယာမှာ ဖော်ပြထား ပါတယ်။
အဲဒီ အဖွဲ့သစ်အနေနဲ့ ဘာတွေ လုပ်ဆောင်မလဲ ဆိုတာကို ချင်းချင်းလင်းလင်း မသိရသေး ပေမယ့် အီရန်ရဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ Press TV က ဟောမု့ဇ် ရေလက်ကြားကို ချုပ်အခြာ အာဏာ ပိုင်ဆိုင်ကြောင်း ဖော်ပြမယ့် စနစ် ဖြစ်တယ်လို့ အခုလ စောစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
ရေလက်ကြားက ဖြတ်သန်းသွားတဲ့ သင်္ဘောတွေအနေနဲ့ အီရန်ရဲ့ သတ်မှတ်ချက်တွေ အတိုင်း လိုက်နာရမှာ ဖြစ်ကြောင်းလည်း အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ စတင်တိုက်ခိုက်ပြီး နောက်ပိုင်း ကမ္ဘာ့လောင်စာ ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ အဲဒီ ရေလမ်းကြောင်းကို အီရန်က ပိတ်ဆို့ထားပါတယ်။
အီရန်ရဲ့ ပိတ်ဆို့မှုကြောင့် ကမ္ဘာ့နိုင်ငံအများမှာ လောင်စာ ပြဿနာတွေ ကြုံတွေ့နေပြီး တချို့နိုင်ငံတွေမှာ လောင်စာဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
အဲဒီ ရေလမ်းကြောင်းဟာ ကမ္ဘာကြီးအတွက် လိုအပ်နေတဲ့ လောင်စာ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းနေတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။
ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး နိုင်ငံအများက တောင်းဆိုထားပြီး ဗြိတိန် အပါအဝင် အနောက်တိုင်း နိုင်ငံ တချို့က အဲဒီ ရေလမ်းကြောင်း လုံခြုံရေး စစ်သင်္ဘောတွေ တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေ စေလွှတ်ပေးမယ်လို့ ကတိပြုထားပါတယ်။
ဧပြီ ၈ ရက်ကတည်းက အပစ်ရပ်ဖို့ သဘောတူထားပေမယ့်လည်း တိုက်ခိုက်မှုတွေ ဆက်ရှိနေဆဲ ဖြစ်ပြီး အမေရိကန်က အီရန်ဆိပ်ကမ်း အားလုံးကို ရေတပ်နဲ့ ပိတ်ဆို့ထားပါတယ်။
အဲဒီ ရေလက်ကြားကို အီရန်က ထိန်းချုပ်ထားတာကြောင့် ကမ္ဘာ့ဈေးကွက်တွေ ကမောက်ကမ ဖြစ်နေပြီး အီရန်အနေနဲ့ သိသာတဲ့ ကန်အား တစ်ခု ရရှိနေပါတယ်။
ငြိမ်းချမ်းတဲ့ အချိန်တွေမှာ အဲဒီ ရေလက်ကြားကနေ ကမ္ဘာကြီးအတွက် လိုအပ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရည် ငါးပုံ တစ်ပုံ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။
ဓာတ်မြေသြဇာ အပါအဝင် အရေးကြီးတဲ့ ကုန်စည်တွေလည်း အဲဒီလမ်းကြောင်းကနေ တင်ပို့နေတာ ဖြစ်ပါတယ်။
စစ်ပွဲ စတင်ပြီးနောက်မှာ အီရန်က အဲဒီ ရေလမ်းကြောင်းကို ပိတ်ထားတာဟာ လုံးဝ နောက်ပြန်ဆုတ်မယ့် လုပ်ရပ် မဟုတ်ဘူးလို့ ပြောထားပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မိမိတို့ရဲ့ အဆိုပြုချက်ကို အီရန်က လက်မခံတဲ့ အတွက် သည်းခံစိတ် ကုန်ဆုံးလာပြီ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
အီရန်က အမေရိကန် အဆိုပြုချက်တွေကို ပယ်ချပြီး တန်ပြန်တောင်းဆိုမှုတွေ ပြုလုပ်ထား ပါတယ်။
အီရန်မှာ အမေရိကန်နဲ့ ညှိနှိုင်းသင့်တယ်ဆိုတဲ့ အုပ်စုနဲ့ ဘာပဲ ဖြစ်ဖြစ် ပြန်တိုက်ခိုက်သင့်တယ်ဆိုတဲ့ အုပ်စု နှစ်စု ကွဲနေတယ်လို့ ဆိုပါတယ်။
အီရန်အနေနဲ့ ဟောမု့ဇ် ရေလက်ကြား စီမံခန့်ခွဲရေး အဖွဲ့သစ် ဖွဲ့စည်းထားပြီး မကြာခင်မှာ မိတ်ဆက်မှာ ဖြစ်ကြောင်း အီရန် လွှတ်တော် အမျိုးသား လုံခြုံရေး ကော်မရှင် ခေါင်းဆောင် အီဗရာဟင် အဇီဇီက ပြောထားပါတယ်။
Source: AFP

