ဘန်ကောက်၊ မေ ၁၈
ပြီးခဲ့တဲ့ မေ ၁၆ ရက်မှာ ယာဉ် အသွားအလာ များတဲ့ ဘန်ကောက် လမ်းမ တစ်ခုပေါ်က ခရီးသည်တင် ဘတ်စ်ကားနဲ့ တခြားကားတွေကို ဝင်တိုက်ခဲ့တဲ့ ရထားမောင်းသူဟာ မူးယစ်ဆေး သုံးထားပြီး ရထားမောင်းခွင့် လိုင်စင် မရှိသူ ဖြစ်ကြောင်း ထိုင်းရထားပို့ဆောင်ရေး အကြီးအကဲက ပြောလိုက်ပါတယ်။
အဲဒီ စွပ်စွဲချက်ကို ရထားပို့ဆောင်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ပီချက် ခူနက်ဟန်ရက်က မေ ၁၇ ရက်က အွန်လိုင်းမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ချာဘန်း-ဘန်ဆူး ရထားအမှတ် ၂၁၂၆ ကို မောင်းနှင်သူ ဆာယွန်ပွမ် ဆန်ကူးလ်ကို ဆီးစစ်ဆေးရာမှာ မူးယစ်ဆေးဝါးသုံးထားကြောင်း တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ပီချက်က ပြောပါတယ်။
ဒါ့အပြင် သူ့မှာ ရထားပို့ဆောင်ရေးဌာနက ထုတ်ပေးထားတဲ့ ရထားမောင်းနှင်ခွင့် လိုင်စင် မရှိဘူးလို့လည်း ပီချက်က ဆိုတာပါ။
ရထားပြေးဆွဲရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်တဲ့ ဝန်ထမ်းအားလုံးကို အရက်နဲ့ မူးယစ်ဆေး သောက်သုံးမှု ရှိ၊မရှိ စစ်ဆေးဖို့ ပီချက်က ညွှန်ကြားထားပါတယ်။
ဆာယွန်ပွမ်ကို အဲဒီနေ့က ရထားမောင်းခွင့် ပြုခဲ့တဲ့ အရာရှိတွေအားလုံးကို စုံစမ်း စစ်ဆေးဖို့လည်း ပီချက်က တောင်းဆိုထားပါတယ်။
အသက် ၄၆ နှစ်အရွယ် ဆာယွန်ပွမ်ကို အလုပ်နေရာက ဆိုင်းငံ့ထားပြီး ဥပဒေဆိုင်ရာ စွဲချက်တွေအပြင် ပြင်းထန်တဲ့ စည်းကမ်းချိုးဖောက်မှုနဲ့လည်း အရေးယူဖို့ စီစဉ်ထားပါတယ်။
ကနဦးမှာ သူ့ကို လူသေဆုံးစေမှု အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိစေမှုတို့နဲ့ အရေးယူထားတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရထားလမ်းပေါ်မှာ ကန့်လန့်ဖြတ် ရပ်ထားတဲ့ ဘတ်စ်ကား မောင်းသူကိုလည်း အဲဒီစွဲချက်တွေနဲ့ပဲ ဖမ်းဆီးထားပါတယ်။
ရထားက ကားတွေကို ဝင်တိုက်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး တခြား ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ရထားလမ်း အရာရှိတွေက အနီရောင် အလံထောင်ပြထားပေမယ့် ရထားက အရှိန်တောင် မလျှော့ခဲ့ဘူးလို့ ဆိုပါတယ်။
ရှေ့မှာ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတာကြောင့် အရာရှိတွေက ရထားကို ရပ်ခိုင်းခဲ့ပေမယ့် ရထားမောင်းသူက မရပ်ဘဲ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
Ref:Bangkokpost

