ဝါရှင်တန်၊ မေ ၁၈
အီရန်အနေနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ် အလျင်အမြန် ရယူဖို့ လုပ်ဆောင်ရမှာ ဖြစ်ပြီး ဒါမှမဟုတ်ရင် သူတို့မှာ ဘာမှာ ကျန်ရစ်တော့မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က မေ ၁၇ ရက်မှာ သတိထပ်ပေးလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ စတင် တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း အမေရိကန်နဲ့အီရန် ပဋိပက္ခ ဖြစ်နေပါတယ်။
အမေရိကန်က ရှေ့ဆက်မရ ဖြစ်နေတဲ့ အခြေအနေကို ချိုးဖျက်ဖို့ ကြိုးပမ်းနေပေမယ့် စစ်ပွဲ အဆုံးသတ်ရေး တိုးတက်မှု တစ်စုံတစ်ရာ မမြင်တွေ့ရ ဖြစ်နေပါတယ်။
အီရန် စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်း ဒေသတဝှမ်း ပြဿနာ ကြုံနေရပြီး စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။
အီရန်အတွက်က အချိန်တွေ ကုန်နေပါပြီ သူတို့ မြန်မြန်ဆန်ဆန် လှုပ်ရှားရင် ပိုကောင်းပါလိမ့်မယ် ဒီလိုမှ မဟုတ်ရင်တော့ သူတို့မှာ ဘာမှာ ကျန်ရစ်တော့မှာ မဟုတ်ပါဘူးလို့ ထရန့်က လူမှုမီဒီယာမှာ ရေးသားထားပါတယ်။
စစ်ပွဲကြောင့် ကမ္ဘာ့ လောင်စာအတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြား ပိတ်သွားပြီး အစ္စရေးက အိမ်နီးချင်း လက်ဘနွန်ကို တိုက်ခိုက်နေတာကြောင့်လည်း အခြေအနေတွေ ရှုပ်ထွေးနေပါတယ်။
အီရန် အစိုးရ ထောက်ပံ့ပေးထားတဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့က လက်ဘနွန်မှာ ရေရှည် တည်တံ့တဲ့ အပစ်အခတ် ရပ်စဲမှု ရရှိရေး တောင်းဆိုထားပါတယ်။
ထရန့်က သူ့ရဲ့ သတ်မှတ်ချက်တွေကို လက်ခံဖို့ အီရန်က ငြင်းဆိုနေတာကြောင့် သည်းမခံနိုင် ဖြစ်နေတယ်လို့ ပြောထားပါတယ်။
အပစ်အခတ် ရပ်စဲမှုကို နောက်ထပ် ၄၅ ရက် သက်တမ်းတိုးဖို့ သဘောတူထားပေမယ့် ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည် အစင်း ၂၀၀ နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး အရာရှိတွေက မေ ၁၇ ရက်မှာ ပြောပါတယ်။
နိုင်ငံတောင်ပိုင်းကို အစ္စရေးရဲ့ တိုက်ခိက်မှုကြောင့် ကလေးနှစ်ဦး အပါအဝင် လူ ၅ ဦး သေဆုံးခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဝါရှင်တန်နဲ့ တီဟီရန်တို့ ဧပြီ ၈ ရက်မှာ အပစ်ရပ်ရေး သဘောတူခဲ့ကြပေမယ့် ညှိနှိုင်းမှုတွေ ရပ်တန့်နေပြီး တိုက်ခိုက်မှုတွေ မကြာမကြာ ဖြစ်ပွားနေပါတယ်။
စစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းမှုတွေအတွက် အီရန်ရဲ့ အဆိုပြုချက်တွေကို အမေရိကန်က တုံ့ပြန်ရာမှာ လိုက်လျောမှု တစ်ခုမှ မရှိခဲ့ဘူးလို့ အီရန် မီဒီယာက မေ ၁၇ ရက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်က အီရန်ရဲ့ သန့်စင်ထားပြီးသား ယူရေနီယံတွေကို သိမ်းယူဖို့ ကြိုးပမ်းနေပြီး တောင်းဆိုမှုတွေ အပြိုင်အဆိုင် လုပ်နေကြ ပါတယ်။
Source: AFP/nh

