တရုတ်က ဒေါ်လာ ၁၇ ဘီလီယံတန်ဖိုးရှိ အမေရိကန် စိုက်ပျိုးရေး ထုတ်ကုန်တွေ နှစ်စဉ် ဝယ်ယူမယ်

ဝါရှင်တန်၊ မေ ၁၈

၂၀၂၆၊ ၂၀၂၇နဲ့ ၂၀၂၈ ခုနှစ်တွေအတွင်း အမေရိကန် စိုက်ပျိုးရေး ထုတ်ကုန် ဒေါ်လာ ၁၇ ဘီလီယံဖိုး ဝယ်ယူမယ်လို့ တရုတ်က ကတိပြုထားကြောင်း အိမ်ဖြူတော်က မေ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဘေဂျင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်နဲ့ တွေ့ဆုံချိန်တရုတ် သမ္မတ ရှီကျင့်ဖျင်က အခုလိုမျိုး ကတိပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန် ဒေါ်လာ ၁၇ ဘီလီယံ တန်ဖိုးရှိ စိုက်ပျိုးရေး ထုတ်ကုန်တွေ ဝယ်ယူမယ်ဆိုတဲ့ ကတိထဲမှာ ၂၀၂၅ အောက်တိုဘာလက တရုတ်ကတိပြုခဲ့တဲ့ ပဲပိစပ် ဝယ်ယူမှု ပါဝင်မှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အခွန်တွေ အပြန်အလှန် ပြဌာန်းပြီးနောက် တရုတ်သို့ အမေရိကန် စိုက်ပျိုးရေး ထုတ်ကုန်များ တင်ပို့မှု သိသိသာသာ လျော့ကျခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း တရုတ်သို့ အမေရိကန် စိုက်ပျိုးရေး ထုတ်ကုန် တင်ပို့မှု ၆၅ ဒသမ ၇ ရာခိုင်နှုန်း လျော့ကျပြီး ဒေါ်လာ ၈ ဒသမ ၄ ဘီလီယံပဲ ရှိခဲ့ကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ထရန့်ရဲ့ ပထမ သမ္မတ သက်တမ်းကတည်းက တရုတ်ဟာ အမေရိကန် စိုက်ပျိုးရေး ထုတ်ကုန်တွေအပေါ် အားကိုးနေရတဲ့ အနေအထားကို လျှော့ချခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း အမေရိကန် ပဲပိစပ် ၂၀ ရာခိုင်နှုန်းလောက်ကိုပဲ တရုတ်က ဝယ်ယူခဲ့ပါတယ်။

တရုတ်က အမေရိကန် အသားထုတ် စက်ရုံတွေ ပြန်လည် ဖွင့်လှစ်ပေးရေး အမေရိကန် ဥပဒေ စည်းကြပ်သူတွေနဲ့ ဆွေးနွေးပြီး ရောဂါပိုး ကင်းလွတ်တဲ့ အသားတွေ တင်သွင်းဖို့ စီစဉ်နေတယ်လို့ အိမ်ဖြူတော်က ဆိုတာပါ။

တရုတ်အစိုးရရဲ့ စောစောပိုင်း ထုတ်ပြန်တဲ့ ကြေညာချက်တွေကို အတည်ပြုတဲ့အနေနဲ့ အိမ်ဖြူတော်က မိမိတို့ နှစ်နိုင်ငံအနေနဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေး ဘုတ်အဖွဲ့၊ အမေရိကန်-တရုတ် ရင်းနှီးမြှုပ်နှံရေး ဘုတ်အဖွဲ့တို့ ဖွဲ့စည်းမှာ ဖြစ်ကြောင်းလည်း အိမ်ဖြူတော်က ပြောပါတယ်။

အဲဒီဘုတ်အဖွဲ့တွေက စိုက်ပျိုးရေး ထုတ်ကုန်တွေအတွက် ဈေးကွန် ဝင်ရောက်ခွင့်ဆိုင်ရာ စိုးရိမ်မှုတွေကို ပြေလည်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပြီး အပြန်အလှန် အခွန်လျှော့ချရေး မူအရ ကုန်သွယ်မှုကို တိုးမြှင့်မှာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောပါတယ်။

ဒေါ်နယ် ထရန့်က သူ့ရဲ့ တရုတ် ခရီးစဉ်ကြောင့် အမေရိကန်အတွက် စီးပွားရေး နိုင်ပွဲတွေ အများကြီး ရရှိခဲ့တယ်လို့ ကြွားဝါ ပြောဆိုထားပါတယ်။

ထရန့်က တရုတ်အပေါ် အခွန်တွေ အများကြီး ပြဌာန်းပြီးတော့ ကုန်သွယ်မှု ကွာခြားချက်တွေကို ထိန်းညှိဖို့ ကြိုးပမ်းခဲ့ပါတယ်။

နိုင်ငံတကာအပေါ် သူ့ရဲ့ အခွန်တိုးမြှင့် ကောက်ခံမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်မှာလည်း တရားရုံးတွေရဲ့ တားမြစ်မှုတွေ အပါအဝင် ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အမေရိကန် စိုက်ပျိုးရေး ထုတ်ကုန်တွေကို တရုတ်က ပိုဝယ်မယ်လို့ အိမ်ဖြူတော်က ပြောထားပေမယ့် အမေရိကန်က တရုတ်ဆီက ဘာတွေ ဝယ်ယူဖို့ ကတိပေးခဲ့သလဲ ဆိုတာကိုတော့ မသိရပါဘူး။

ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး နှစ်နိုင်ငံကြား ကုန်သွယ်မှုအတွက် ထရန့်က ဘေဂျင်း ခရီးစဉ်အတွင်း သဘောတူညီမှုတွေ ရယူခဲ့ပေမယ့် အပြန်အလှန် မယုံကြည်မှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.