နယူးဒေလီ၊ မေ ၁၈
မြန်မာ အခြေစိုက် မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်သူ တစ်ဦးကို အိန္ဒိယ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗျူရိုက နယူးဒေလီမြို့မှာ ဖမ်းဆီးလိုက်ပါတယ်။
သူ့ရဲ့အဖွဲ့ဟာ အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်တွေကနေ ဘင်္ဂလားဒေ့ချ် နိုင်ငံထဲကို မက်သာဖက်တမင်းနဲ့ ဘိန်းဖြူတွေ မှောင်ခိုကူးနေတဲ့ အဖွဲ့ ဖြစ်တယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့ သန့်ဇင်အောင် ခေါ် ချင်းတွန်ဟာ မြန်မာနိုင်ငံမှာ အခြေစိုက်သူ ဖြစ်တယ်လို့လည်း အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူဟာ အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်တွေဆီ မက်သာဖက်တမင်းနဲ့ ဘိန်းဖြူတွေ အဓိက ထောက်ပံ့နေသူ ဖြစ်တယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ဆိုပါတယ်။
သူ့ကို အချိန်တော်တော်ကြာ စောင့်ကြည့်ကာ ထောက်လှမ်းရေး သတင်းတွေ စုဆောင်းပြီးတော့ ပြည်နယ် အရာရှိ အချင်းချင်း ချိတ်ဆက်ပြီးတော့မှ အိန္ဒိယ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗျူရိုက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သန့်ဇင်အောင်ဟာ မြန်မာနဲ့ မီဇိုရမ်-အာသံ- ထရီပူရ လမ်းကြောင်းမှာ လှုပ်ရှားမှု အရှိဆုံး မူးယစ်ဆေးဝါး မှောင်ခိုသမား ဖြစ်တယ်လို့ မူးယစ်ထိန်းချုပ်ရေးဗျုရိုက ပြောပါတယ်။
သူက မီဇိုရမ်၊ မဏိပူရ၊ အာသံနဲ့ ထရီပူရ ပြည်နယ်တွေမှာ မူးယစ်ဆေးဝါး တင်ပို့မှုတွေကို ဦးဆောင်ပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ချ် ဒေသတွေဆီ တင်ပို့နေတာ ဖြစ်တယ်လို့ သိရပါတယ်။
သူ့ကို အိန္ဒိယ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါး အက်ဥပဒေအရ အမှုများစွာအတွက် ရဲတပ်ဖွဲ့က အလိုရှိနေတာ ဖြစ်ပါတယ်။
အဲဒီအမှုတွေထဲမှာ အိန္ဒိယ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗျူရိုမှာ မှတ်ပုံတင်ထားတဲ့ အမှု နှစ်ခု ပါဝင်ပြီး မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲ့က စွဲတင်ထားတဲ့ အမှု နှစ်ခုလည်း ပါဝင်ပါတယ်။
မက်သာဖက်တမင်းဆေးပြားတွေ၊ ဘိန်းဖြူတွေ မှောင်ခိုကူးမှုတို့အတွက် ၂၀၂၅ ကတည်းက မီဇိုရမ် ရဲတပ်ဖွဲ့က အမှု ဖွင့်ထားတာ ဖြစ်ပါတယ်။
သူနဲ့ ဆက်စပ်တဲ့ မူးယစ်ဆေးဝါး ကွန်ရက်ဟာ ဒေါ်လာ သန်းနဲ့ချီ တန်ဖိုးရှိတယ်လို့ အိန္ဒိယ အရာရှိတွေက ပြောပါတယ်။
သူဟာ မြန်မာ၊ မဏိပူရ၊ အာသံ လမ်းကြောင်းမှာ အဓိက လှုပ်ရှားနေတဲ့ မူးယစ်ဆေးဝါးဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာ မက်သာဖက်တမင်း ဆေးပြား ၁၄ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၂ ဒသမ ၈ ကီလို ဂမ် ဖမ်းဆီးရမိခဲ့တဲ့ အမှုရဲ့ အဓိက တရားခံဟာ သန့်ဇင်အောင် ဖြစ်တယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပိုမိုကျယ်ပြန့်တဲ့ စုံစမ်းစစ်ဆေးမှုအတွင်း တခြား မူးယစ်ဆေးဝါး မှောင်ခိုသမားတွေ ဖမ်းဆီးရမိခဲ့ပြီး အဓိက ခေါင်းဆောင်ဟာ သန့်ဇင်အောင် ဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်နေချိန် မူးယစ်ဆေးဝါး ထုတ်လုပ်မှု မြင့်တက်လာပြီး ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု အများဆုံး နိုင်ငံဖြစ်တယ်လို့ ကုလသမဂ္ဂက ဖော်ပြထားပါတယ်။
မြန်မာ- အိန္ဒိယ နယ်စပ်မှာ မူးယစ်ဆေးဝါးနဲ့ လက်နက် မှောင်ခိုကူးမှုတွေ ပိုများလာနေပြီး ဒုက္ခသည်တွေ ဝင်ရောက်မှု၊ ရွှေ့ပြောင်းနေထိုင်မှု ပြဿနာတွေလည်း ဖြစ်ပေါ်နေပါတယ်။
Ref:The statesman

