ဘန်ကောက်၊ မေ ၁၆
ဆေးခြောက်ကို ဆေးဖက်ဆိုင်ရာအတွက်ပဲ သုံးစွဲရမယ်လို့ ဝန်ကြီးဌာနက ဥပဒေတစ်ရပ် တင်းတင်းကြပ်ကြပ် ပြဌာန်းလိုက်ပြီးနောက် ဆေးခြောက်ရောင်းချမှုအပေါ် ထိုင်း တိုင်ရင်းဆေးဝါးဌာနက တင်းကြပ်လိုက်ပါတယ်။
အခု အစီအစဉ်တွေက နိုင်ငံတဝှမ်းရှိ ဆေးခြောက်လုပ်ငန်းတွေကို အစိုးရရဲ့ မူဝါဒနဲ့ အညီ ပြန်လည် စုစည်းဖို့ အထောက်အကူပြုလိမ့်မယ်လို့ တိုင်းရင်းဆေးဝါးဌာန အကြီးအကဲ ဒေါက်တာ ဖွန်ဆက်ဟွန် ပွတ်ပမ်ဒီးက ပြောပါတယ်။
ဆေးခြောက်ဆိုင်တွေကို ဆေးခန်းတွေနဲ့ ပိုတူလာအောင် တဖြည်းဖြည်း အဆင့်မြှင့် တင်ပေးသွားမှာ ဖြစ်ကြောင်း ဒေါက်တာ ဖွန်ဆက်ဟွန် ပြောပါတယ်။
အသိအမှတ်ပြုထားတဲ့ ဆေးဝါး ကုသမှုအတွက် အခွင့်အာဏာရှိသူတွေ ဒါမှမဟုတ် ဆရာဝန်တွေကပဲ ဆေးခြောက်ထုတ်ကုန်တွေကို ညွှန်ကြားပေးရမှာ ဖြစ်ပါတယ်။
ဒေသဆိုင်ရာ အရာရှိတွေရဲ့ စုံစမ်းစစ်ဆေးပိုင်ခွင့်ကိုလည်း အားဖြည့်ပေးထားပြီး တရားမဝင် ဆေးခြောက်ဆိုင်တွေနဲ့ ပတ်သက်လို့ အများပြည်သူ တိုင်ကြားနိုင်မယ့် ဒီဂျစ်တယ် စနစ်တစ်ခုလည်း ထိုင်းအစိုးရက မိတ်ဆက်ထားပါတယ်။
အဲဒီ ဥပဒေအရ သုတေသနပြုမှု၊ တင်သွင်းမှု၊ ဖြန့်ဖြူးမှု၊ စီးပွားရေး ရည်ရွယ်ချက်အတွက် ဆေးခြောက်ကို စီမံဖန်တီးမှု အားလုံးကို ဥပဒေစည်းကြပ်သွားမှာ ဖြစ်ပါတယ်။
ဆေးခြောက်သုံးစွဲမှု ရာဇဝတ်မှု မမြောက်ဘူးလို့ ထိုင်းမှာ သတ်မှတ်ခဲ့ပြီးနောက် လူအများ အပန်းဖြေ သုံးစွဲမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာပြီးနောက် ဆေးခြောက်သုံးစွဲမှုကို နောက်ထပ် တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့ ရှိတယ်လို့ ဒေါက်တာ ဖွန်ဆက်ဟွန် ပွတ်ပမ်ဒီးက ဆိုပါတယ်။
ဘေးကင်းရေး စံချိန်စံညွှန်းများ တိုးတက်လာစေရေး၊ အထူးသဖြင့် လူငယ်ထုကြား တလွဲ သုံးစွဲမှု လျှော့ချရေး အရေးယူဆောင်ရွက်ဖို့ ရည်ရွယ်ထားကြောင်းလည်း ထိုင်း တိုင်းရင်းဆေးဝါး ဌာနက ပြောပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လမှာ ဆေးခြောက်သုံးစွဲမှု ရာဇဝတ်မှု မမြောက်ကြောင်း သတ်မှတ်ပြီးနောက်ပိုင်း မသေချာမရေရာမှုတွေနဲ့ ရှုပ်ထွေးမှုတွေကို ဒီဥပဒေသစ်က အဆုံးသတ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေါက်တာ ဖွန်ဆက်ဟွန်က ဆိုတာပါ။
ဥပဒေသစ်အရ လုပ်ငန်းရှင်တွေအနေနဲ့ ဆေးခြောက် ဖြန့်ဖြူးခွင့် လိုင်စင်အသစ် လျှောက်ထားရမှာ ဖြစ်ပြီး ဆေးဝါး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းနဲ့ ဆက်သွယ်ထားရမှာ ဖြစ်ပါတယ်။
လိုင်စင်ရထားတဲ့ လုပ်ငန်းတွေက ခန့်ထားတဲ့ ဝန်ထမ်းတွေကိုလည်း တိုင်းရင်းဆေးဝါးများ ဌာနက သင်တန်းပို့ချပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref:Bangkokpost

