ဝါရှင်တန်၊ မေ ၁၅
အီရန်အနေနဲ့ သဘောတူညီမှု တစ်ခု ရယူသင့်ပြီး မိမိအနေနဲ့ အီရန်ကို သည်းခံစိတ်ကုန်လာပြီ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။
တီဟီရန်အနေနဲ့ ဟောမု့ဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးရမယ်ဆိုတာကို တရုတ် သမ္မတ ရှီကျင့်ဖျင်က သဘောတူကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောဆိုပေမယ့် တရုတ်က ဝင်ပါမယ်ဆိုတဲ့ လက္ခဏာ တစ်ခုမှ မဖော်ပြပါဘူး။
ရှီနဲ့ နှစ်ရက်ကြာ ဆွေးနွေးပြီးနောက် မေ ၁၅ ရက် ဘေဂျင်းကနေ ပြန်လာရာလမ်းမှာ ထရန့်က အီရန် ရေနံတွေ ဝယ်ယူနေတဲ့ တရုတ် ရေနံကုမ္ပဏီတွေအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးသင့်၊ မပေးသင့် စဉ်းစားနေတယ်လို့ ပြောပါတယ်။
အကူအညီ တောင်းရင် ကိုယ်ကလည်း အကူအညီ ပြန်ပေးရမှာ ဖြစ်တဲ့အတွက် ကျွန်တော် အကူအညီ မတောင်းဘူးလို့ ထရန့်က Air Force One လေယာဉ်ပေါ်မှာ ဟောမု့ဇ် ရေလက်ကြား ပြန်ဖွင့်ရေး အီရန်ကို ဖိအားပေးဖို့ ရှီကျင့်ဖျင်က ကတိခိုင်ခိုင်မာမာ ပေးလိုက်သလားဆိုတဲ့ သတင်းထောက် တစ်ယောက်ရဲ့ မေးခွန်းကို ဖြေကြားပါတယ်။
အီရန်နဲ့ ပတ်သက်လို့ ထရန့်နဲ့ ဆွေးနွေးမှု အခြေအနေနဲ့ ပတ်သက်လို့ သမ္မတ ရှီက မှတ်ချက် မပေးပါဘူး။
အီရန် စစ်ပွဲနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပြီး ဒီစစ်ပွဲဟာ လုံးဝ မစတင်ခဲ့သင့်တဲ့ စစ်ပွဲ ဖြစ်ပြီး ဆက်တိုက်စရာ အကြောင်းမရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ ဖေဖော်ဝါရီ ၂၈ ရက်က မတိုက်ခိုက်ခင် ကမ္ဘာ သဘာဝ ဓာတ်ငွေ့ အရည် ၂၀ ရာခိုင်နှုန်း ဖြတ်သန်းနေခဲ့တဲ့ ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားပါတယ်။
လောင်စာတင်သင်္ဘောတွေ မဖြတ်သန်းနိုင်တာကြောင့် ရာဇဝင်မှာ အကြီးမားဆုံး လောင်စာ ထောက်ပံ့မှု ပြဿနာ ဖြစ်ပေါ်လာပြီး ရေနံဈေး ခေါင်ခိုက်နေပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း အီရန်နိုင်ငံသား ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး လက်ဘနွန်ရှိ အီရန် ထောက်ပံ့ထားတဲ့ ဟစ်ဇဘိုလာ အဖွဲ့ကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့်လည်း လူထောင်ချီ သေဆုံးခဲ့ပါတယ်။
အမေရိကန်က ပြီးခဲ့တဲ့လက တိုက်ခိုက်မှုတွေ ရပ်တန့်ထားခဲ့ပေမယ့် အီရန် ဆိပ်ကမ်းတွေကို စတင် ပိတ်ဆို့ထားခဲ့ပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ အဆုံးသတ်မှ ဟောမု့ဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်လို့ တီဟီရန်က ပြောထားပါတယ်။
အီရန်အနေနဲ့ သဘောတူညီမှု တစ်ရပ် မရယူရင် တိုက်ခိုက်မှုတွေ ပြန်စမယ်လို့ ထရန့်က ခြိမ်းခြောက်ထားပါတယ်။
ကျွန်တော်တို့က သူတို့ကို နျူကလီးယား လက်နက် မရစေချင်ပါဘူး။ ကျွန်တော်တို့က ရေလက်ကြားကို ပြန်ဖွင့်စေချင်ပါတယ်လို့ ထရန့်က ဘေဂျင်းမှာ သမ္မတ ရှီကို ဘေးမှာထားရင်း ပြောဆိုခဲ့ပါတယ်။
နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ငြင်းဆိုလာတာ ကြာနေပြီ ဖြစ်တဲ့ အီရန်က သူတို့ရဲ့ နျူကလီးယား သုတေသနလုပ်ငန်းကို အဆုံးသတ်ဖို့ ငြင်းထားသလို ဝှက်ထားတဲ့ သန့်စင်ထားပြီးသား ယူရေနီယံတွေကို ပေးအပ်ဖို့လည်း ငြင်းဆိုထားတာကြောင့် ထရန့် စိတ်ပျက်နေပါတယ်။
အမေရိကန်က ဆက်လက် ဆွေးနွေးလိုကြောင်း ဖော်ပြထားတဲ့ သတင်းစကားတွေ လက်ခံ ရရှိထားတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ပြောဆိုထားပါတယ်။
Source: Reuters

