ပိုလန်သို့ တပ်ဖွဲ့ဝင် ၄၀၀၀ စေလွှတ်မယ့် အစီအစဉ် အမေရိကန် ဖျက်သိမ်း

ဝါရှင်တန်၊ မေ ၁၆

ပိုလန်နိုင်ငံမှာ အမေရိကန် အခြေစိုက် တပ်ဖွဲ့ဝင် ၄၀၀၀ ချထားမယ့် အစီအစဉ်ကို ပင်တဂွန်က ဖျက်သိမ်းလိုက်ကြောင်း အမေရိကန် အရာရှိ နှစ်ဦးက ပြောလိုက်ပါတယ်။

ဒီအမှတ်မထင် လုပ်ရပ်ကို လွှတ်တော်အမတ်တွေက ပြစ်တင်ရှုတ်ချခဲ့ကြပြီး ဥရောပရှိ တပ်ဖွဲ့ဝင် အရေအတွက်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် လျှော့ချဖို့ မျှော်လင့်ထားတာနဲ့ ပတ်သက်လို့ မေးခွန်းတွေ ထပ်မံ ထွက်ပေါ်လာစေပါတယ်။

စစ်တပ်ရဲ့ ယာယီ အကြီးအကဲ ဗိုလ်ချုပ် ခရစ်စတိုဖာ လာနီဗီက အခု ဆုံးဖြတ်ချက်ကို မေ ၁၅ ရက်က လွှတ်တော် စစ်ဖက်ဆိုင်ရာ ကော်မတီ ရှေ့မှောက် သက်သေခံထွက်ဆိုမှု အတွင်း အတည်ပြုခဲ့တာပါ။

ဒါပေမဲ့ အဲဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သူက အနည်းငယ်သာ ရှင်းပြခဲ့ပါတယ်။

အခုဆုံးဖြတ်ချက်ဟာ ဥရောပအတွက် ထရန့်ရဲ့ ကတိထားမှုနဲ့ ပတ်သက်လို့ ဆိုးရွားတဲ့ သတင်းစကား တစ်ခု ပေးလိုက်တာပဲ ဖြစ်တယ်လို့ ဒီမိုကရက် လွှတ်တော်အမတ် တချို့က ပြောပါတယ်။

အခုလို ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ လွှတ်တော်ကို အသိမပေးသလို တိုင်ပင်ဆွေးနွေးတာ ခွင့်ပြုချက် ရယူတာတွေ မရှိခဲ့တဲ့ အတွက် လွှတ်တော် အမတ်တွေက ပြစ်တင် ဝေဖန်နေကြပါတယ်။

ထရန့်နဲ့ ဥရောပကြား အီရန် စစ်ပွဲနဲ့ ပတ်သက်တဲ့ အဆင်မပြေဖြစ်မှုတွေ ပိုများလာချိန်မှာ အမေရိကန် တပ်ဖွဲ့ဝင်တွေ ပြန်ခေါ်တာနဲ့ အင်အား ဖြည့်မယ့် အစီအစဉ် ဖျက်သိမ်းတာတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပိုလန်မှာ အလှည့်ကျချထားမယ့် တပ်ဖွဲ့ဝင်တွေကို တခြား နိုင်ငံက တပ်ဖွဲ့ဝင်တွေနဲ့ အစားထိုးဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိ တစ်ဦးက ပြောကြား ပါတယ်။

ပိုလန် ဝန်ကြီးချုပ် ဒေါ်နယ် တက်စ်က အမေရိကန် တပ်ဖွဲ့ဝင်တွေ ချထားမှုနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကြောင့် ပိုလန် နိုင်ငံရဲ့ လုံခြုံရေး ထိခိုက်မှာ မဟုတ်ဘူးဆိုတဲ့ အာမခံချက် လက်ခံ ရရှိထားတယ်လို့ ပြောပါတယ်။

အမေရိကန်က ဥရောပမှာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ ချထားမှုကို ပြန်သုံးသပ်နေပြီး ဥရောပကာကွယ်ရေးအတွက် နေတိုးအဖွဲ့ ပိုမို လုပ်ဆောင်ရမယ်ဆိုတဲ့ ထရန့်ရဲ့ တောင်းဆိုမှုတွေ အပြီးမှာ အင်အား လျှော့ချမယ်လို့ မျှော်လင့်ထားခဲ့တာ ကြာပြီ ဖြစ်ပါတယ်။

ဥရောပတဝှမ်း အနာဂတ်မှာ တပ်ဖွဲ့ဝင်တွေ ချထားမယ့် ပုံစံနဲ့ ပတ်သက်လို့ ပင်တဂွန်က အသေးစိတ် ဖော်ပြမထားပါဘူး။

ပိုလန်သို့ တပ်ဖွဲ့ဝင်တွေ ချထားမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်တာဟာ အမှတ်မထင် ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘဲ အကြိမ်ကြိမ် သုံးသပ်ပြီးမှ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဂျိုအယ် ဗောဒက်ဇ်က ပြောပါတယ်။

အီရန် စစ်ပွဲအတွင်း ဥရောပ မဟာမိတ်တွေ အမေရိကန်ဖက်က မပါဝင်တာကြောင့် ထရန့် ဒေါသထွက်ခဲ့ပြီး အီရန်ဟာ အမေရိကန်နဲ့ ညှိနှိုင်းမှုအတွင်း အရှက်ခွဲခံနေရတယ်လို့ ပြောတဲ့ ဂျာမနီ အဓိပဓိ ဖရက်ဒရစ် မာ့ဇ်နဲ့ အချေအတင် ဖြစ်ခဲ့ပါတယ်။

ဥရောပရှိ အမေရိကန် တပ်ဖွဲ့ဝင် အင်အားကို လျှော့ချဖို့ ထရန့်က ပြင်ဆင်နေပြီး ကာကွယ်ရေးအတွက် ကိုယ့်အားကို ပိုအားကိုးဖို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းက ဥရောပမှာ အမေရိကန် တပ်ဖွဲ့ဝင် ၈၅၀၀၀ လောက် ရှိခဲ့တာ ဖြစ်ပါတယ်။

Source: Reuters/fs

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.