ကွန်ဂို အရှေ့ပိုင်းမှာ အီဘိုလာရောဂါကြောင့် လူ ၆၅ ဦး သေဆုံး

ရဝမ်ပါရာ၊ မေ ၁၆

ကွန်ဂို ဒီမိုကရက်တစ် ပြည်ထောင်စုနိုင်ငံ အရှေ့ပိုင်း အီတူရီပြည်နယ်မှာ အီဘိုလာ ဗိုင်းရပ်စ် ပျံ့နှံ့နေကြောင်း အာဖရိက ထိပ်တန်း ကျန်းမာရေးအေဂျင်စီက ကြေညာလိုက်ပါတယ်။

ရောဂါ ကူးစက်ခံထားရသူ ၂၄၆ ဦး ရှိပြီး ၆၅ ဦး သေဆုံးသွားပြီ ဖြစ်ကြောင်း အဓိကကတော့ ရွှေတူးဖော်ရာ မြို့တွေ ဖြစ်တဲ့ မွန်ဝါလူနဲ့ ရဝမ်ပါရာတို့မှာ ရောဂါပျံ့နှံ့နေတာ ဖြစ်ကြောင်း အာဖရိက ရောဂါ ထိန်းချုပ်ကာကွယ်ရေး အေဂျင်စီ (Africa CDC) က ပြောပါတယ်။

ကွန်ဂိုနိုင်ငံကနေ ရောက်လာသူ တစ်ဦး ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားတယ်လို့ ယူဂန္ဓာ အရာရှိတွေက မေ ၁၅ ရက်မှာ အတည်ပြုပါတယ်။

မေ ၁၄ ရက်မှာ သေဆုံးသွားတဲ့ အသက် ၅၉ နှစ်အရွယ် အမျိုးသား ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ယူဂန္ဓာ ကျန်းမာရေးဝန်ကြီးဌာနက ပြော၏ပါတယ်။

အခု ကွန်ဂို ဒီမိုကရက် ပြည်ထောင်စု တည်ရှိရာ နေရာမှာ အီဘိုလာ ဗိုင်းရပ်စ်ကို ၁၉၇၆ ခုနှစ်မှာ ပထမဆုံး တွေ့ရှိခဲ့တာ ဖြစ်ပြီး လင်းနို့တွေကတဆင့် ကူးစက်ပျံ့နှံ့တယ်လို့ ထင်မှတ်ရပါတယ်။

ဒါက ကွန်ဒိုမှာ ဆိုးဆိုးရွားရွား ရောဂါ ပျံ့နှံ့မှုဟာ ၁၇ ကြိမ်မြောက် ဖြစ်ပါတယ်။

ရောဂါရှိသူတွေရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေနဲ့ တိုက်ရိုက် ထိတွေ့တာ အရေပြား ပွန်းပဲ့နေရာတွေကတဆင့် ကူးစက်ပျံ့နှံ့ပြီး ပြင်းပြင်းထန်ထန် သွေးယိုစီးနိုင်သလို ကိုယ်တွင်း အင်္ဂါတွေ ပျက်စီးသွားလေ့ ရှိပါတယ်။

စောစောပိုင်း ရောဂါ လက္ခဏာတွေမှာ ဖျားတာ၊ ကြွက်သားတွေ နာကျင် ကိုက်ခဲတာ၊ မူးဝေတာ၊ ခေါင်းကိုက်တာ၊ လည်ပင်းနာတာ၊ အော့အန်တာနဲ့ ဝမ်းလျှောတာ၊ အင်ပျဉ်ထတာနဲ့ သွေးထွက်တာတွေ ပါဝင်ပါတယ်။

အီဘိုလာ ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ကြောင်း သက်သေပြထားနိုင်တဲ့ ဆေး မရှိသေးပါဘူး။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ရဲ့ ဖော်ပြချက်အရ သေဆုံးနိုင်မှုနှုန်း ၅၀ ရာခိုင်နှုန်း ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

မြို့တော် ကင်ရှာဆာရှိ အမျိုးသား စမ်းသပ်ခန်းမှာ ကနဦး စမ်းသပ် စစ်ဆေးမှုတွေ အရ စစ်ဆေးခဲ့တဲ့ နမူနာ ပစ္စည်း ၂၀ ထဲက ၁၃ ခုမှာ ဗိုင်းရပ်စ် ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကွန်ဂို ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသား ပြည်သူ့ အင်စတီကျုတို့နဲ့ တိုင်ပင်ဆွေးနွေးပြီးနောက် အဲဒီလို စမ်းသပ် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ ၆၅ ဦးထဲက လေးဦးဟာ ဓာတ်ခွဲခန်းက အတည်ပြုထားတဲ့ လူနာတွေထဲမှာ ပါဝင်သူတွေ ဖြစ်ကြောင်း Africa CDC က ပြောပါတယ်။

အီတူရီ ပြည်နယ် မြို့တော် ဘူနီယာမှာ နောက်ထပ် သံသယရှိ လူနာတွေ တွေ့ရှိထားပြီး ဓာတ်ခွဲခန်းက စစ်ဆေး အတည်ပြုဖို့ လုပ်ဆောင်နေပါတယ်။

ရောဂါပျံ့နှံ့ရာ ဒေသတွေနဲ့ အနီးအနား နိုင်ငံတွေမှာ လူတွေ သိသိသာသာ ဝင်ထွက် သွားလာမှုတွေ ရှိနေတာကြောင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မရှိမဖြစ် အရေးကြီးတယ်လို့ Africa CDC အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ ဂျိန်း ကာဆီယာက ဖြည့်စွက် ပြောဆိုပါတယ်။

ထိခိုက်မှုရှိတဲ့ ဒေသတွေနဲ့ အန္တရာယ် ကျရောက်ရာ ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ အမျိုးသား ကျန်းမာရေး အာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်တွေ အတိုင်း လိုက်နာကြဖို့ အကြံပေးထားပါတယ်။

ကွန်ဂို အစိုးရကတော့ ရောဂါ ပျံ့နှံ့ကြောင်း တရားဝင် မကြေညာရသေး ပါဘူး။

ကွန်ဂိုရဲ့အိမ်နီးချင်းတွေ ဖြစ်တဲ့ ယူဂန္ဓာနဲ့ တောင်ဆူဒန်၊ တခြား နိုင်ငံတကာ လက်တွဲဖော်တွေနဲ့ ဆွေးနွေးပြီး ဦးစားပေး ဆောင်ရွက်ရမယ့်၊ တုံ့ပြန်ရမယ့် အစီအစဉ်တွေ လုပ်ဆောင် သင့်ကြောင်း ကျန်းမာရေး အာဏာပိုင်ရဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.