ဘေဂျင်း၊ မေ ၁၅

မေ ၁၅ ရက်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နောက်ဆုံး ဆွေးနွေးမှုတွေ စတင်ချိန် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သူ့ရဲ့ တရုတ် ခရီးစဉ်ကြောင့် စီးပွားရေးအရ အနိုင်ရတယ်လို့ ပြောဆိုလိုက်ပါတယ်။

တရုတ် ခရီးစဉ်ကြောင့် စီးပွားရေးအရ အနိုင်ရတာတွေ ရှိတယ်လို့သူက ပြောပေမယ့် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုထားတာ မတွေ့ရပါဘူး။

ဘေဂျင်းကတော့ ထိုင်ဝမ်အရေး အကိုင်အတွယ် မမှားစေဖို့ ဝါရှင်တန်ကို သတိပေးပြီး အီရန် စစ်ပွဲဟာ လုံးဝ မစတင်ခဲ့သင့်တဲ့ စစ်ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။

ထရန့်ဟာ၂၀၁၇ ခုနှစ်မှာ နောက်ဆုံး သွားရောက်ခဲ့ပြီးနောက် အမေရိကန် သမ္မတအဖြစ် အမေရိကန်ရဲ့ အဓိက မဟာဗျူဟာနဲ့ စီးပွားရေးဆိုင်ရာ ပြိုင်ဖက် တရုတ်သို့ ပထမဆုံး သွားရောက်တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ သိပ်ကောင်းတဲ့ ကုန်သွယ်ရေး သဘောတူညီမှု တချို့ လုပ်ထားပါတယ်။ နှစ်နိုင်ငံစလုံးအတွက် ကောင်းပါတယ်လို့ ထရန့်က ရှီကျင့်ဖျင်ရဲ့ ဘေးမှာ ထိုင်ရင်း ပြောဆိုပါတယ်။

ခေါင်းဆောင်နှစ်ဦး ဥယျာဉ်ထဲမှာ လမ်းလျှောက်ရင်း ဆွေးနွေး ပြောဆိုချိန်မှာ ထရန့်က နှင်းဆီ ပန်းတွေ လှတဲ့အကြောင်း ပြောခဲ့တာကြောင့် ရှီကျင့်ဖျင်က သူ့ဆီကို ပန်းတွေ လက်ဆောင်ပို့ပေးမှာ ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

နေ့လယ်စာနဲ့ လက်ဖက်ရည် သောက်ပွဲအတွက် တွေ့ဆုံချိန်မှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက အီရန် စစ်ပွဲနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း ပြောဆိုပါတယ္။

လုံးဝ မစခဲ့သင့်တဲ့ ဒီစစ်ပွဲကို ဆက်တိုက်စရာ အကြောင်းမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဆိုတာပါ။

အီရန် စစ်ပွဲကြောင့် စွမ်းအင် ထောက်ပံ့မှုနဲ့ ကမ္ဘာ့စီးပွားရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်လို့လည်း ဝန်ကြီး ဝမ်ယိက ပြောဆိုပါတယ်။

ထရန့်ကတော့ မိမိတို့ ခေါင်းဆောင် နှစ်ဦး အီရန် စစ်ပွဲအကြောင်း ဆွေးနွေးခဲ့ကြပြီး ခံစားချက်ချင်း တူညီတယ်လို့ ပြောပေမယ့် ရှီကျင့်ဖျင်ကတော့ မှတ်ချက် မပေးပါဘူး။

စစ်ပွဲ အဆုံးသတ်ရေး အီရန်ကို နားချပေးဖို့ ထရန့်က တရုတ်ကို တိုက်တွန်းမယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် တရုတ် ခရီးစဉ် မတိုင်ခင် ထရန့်က သူ့အနေနဲ့ စစ်ပွဲ အဆုံးသတ်ရေး ရှီကျင့်ဖျင်ရဲ့ အကူအညီ မလိုဘူးလို့ ပြောဆိုခဲ့တာပါ။

တရုတ်က သူတို့ကိုယ်ပိုင် နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ်အရေး အသေအချာ မကိုင်တွယ်ရင် အမေရိကန်နဲ့ တရုတ်ကြား ပဋိပက္ခ ဖြစ်လာနိုင်တယ်လို့ တရုတ်က သတိပေးထားပေမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ မိမိတို့ သဘောထား မပြောင်းလဲသေးဘူးလို့ ပြောပါတယ်။

ဟောင်ကောင်မှာ မီဒီယာလုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင် ဖမ်းဆီးခံထားရမှုနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းလည်း ထရန့်က ရှီကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဟောင်ကောင်အရေးဟာ မိမိတို့ ပြည်တွင်းရေး ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.