ကွာလာလမ်ပူ၊ မေ ၁၅
ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အခြေအနေ ပြောင်းလဲလာနေချိန် နော်ဝေးရဲ့ အတိမ်းအစောင်း မခံနိုင်တဲ့ ကာကွယ်ရေး နည်းပညာ တချို့နဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေ တင်းကြပ်လိုက်တာကြောင့် မလေးရှားအတွက် ရည်ရွယ်တဲ့ ရေတပ် တိုက်ခိုက်ရေး ဒုံးကျည်စနစ်နဲ့ ဆက်စပ်တဲ့ တင်ပို့မှု လိုင်စင်ကို ပယ်ဖျက်လိုက်ကြောင်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။
မလေးရှားသို့ ပို့ဆောင်မယ့် ကာကွယ်ရေး နည်းပညာ တချို့နဲ့ ဆက်စပ်တဲ့ လိုင်စင်တွေကို ပယ်ဖျက်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုနိုင်တယ်လို့ နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ကို ကိုးကားပြီး မီဒီယာတွေက မေ ၁၄ ရက်နဲ့ ၁၅ ရက်မှာ ဖော်ပြပါတယ်။
ဒါက တင်ပို့မှု ထိန်းချုပ်ရေး စည်းမျည်းဥပဒေတွေကို နော်ဝေက လိုက်နာတာ ဖြစ်ပြီး မလေးရှားကို ထိခိုက်စေခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နော်ဝေး ဝန်ကြီးချုပ် ယောနာ့စ် ဂါး စတိုရီနဲ့ ဖုန်းခေါ်ဆိုမှုအတွင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်က နော်ဝေးရဲ့ အဲဒီလို တစ်ဖက်သတ် ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး လက်မခံနိုင်စရာ ကိစ္စ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီးနောက် အခုလို အတည်ပြုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်ကတည်းက ဒီစာချုပ်အရ မလေးရှားအနေနဲ့ တာဝန်ရှိမှုအားလုံးကို အလေးထားခဲ့တယ်လို့ ဝန်ကြီးချုပ် အန်ဝါက လူမှုမီဒီယာမှာ ရေးသားထားပါတယ်။
နော်ဝေရဲ့ အခုလို ဆုံးဖြတ်ချက်ကြောင့် မလေးရှား ကာကွယ်ရေးဆိုင်ရာ အသင့်ရှိမှုအပေါ် ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပေါ်စေမှာ ဖြစ်တယ်လို့လည်း အန်ဝါက ပြောပါတယ်။
လက်မှတ်ထိုးပြီးသား စာချုပ်တွေဟာ လေးနက်တဲ့ အစိတ်အပိုင်းတွေ ဖြစ်ပြီး အခုလို အရမ်း အလေးမထားတဲ့ ဟန်ပန်မျိုးနဲ့ မပယ်ဖျက်သင့်ဘူးလို့လည်း မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။
ဥရောပနဲ့ ကမ္ဘာတဝှမ်းမှာ ဖြစ်ပေါ်လာနေတဲ့ လုံခြုံရေး အခြေအနေတွေကြောင့် အခုလို ဆုံးဖြတ်ဖို့ ဖြစ်လာခဲ့တာ ဖြစ်တယ်လို့ နော်ဝေက ပြောပါတယ်။
နော်ဝေ တီထွင်ထားတဲ့ အတိမ်အစောင်း မခံနိုင်ဆုံး ကာကွယ်ရေး နည်းပညာ တချို့ကို မဟာမိတ်တွေနဲ့ အရင်းနှီးဆုံး မဟာမိတ်တွေဆီ တင်ပို့ရာမှာ အကန့်အသတ်တွေ ရှိလာတော့မှာ ဖြစ်ကြောင်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အော်စလို အစိုးရအနေနဲ့ မလေးရှားနဲ့ နော်ဝေး ဆက်ဆံရေးကို တန်ဖိုးထားပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု ပြုလုပ်ဖို့ မျှော်လင့်ထားကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နော်ဝေ အစိုးရအနေနဲ့ ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်မယ့် လက္ခဏာ မတွေ့ရဘူးလို့ မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟာမက် ချလစ် နော်ဒင်က ပြောပါတယ်။
နော်ဝေဆီက ရေတပ်သုံး ဒုံးကျည်တွေ ဝယ်ယူရေး သဘောတူစာချုပ်ရဲ့ ၉၅ ရာခိုင်နှုန်း ဖြစ်တဲ့ ကန်ဒေါ်လာ ၁၂၇ သန်းကို မလေးရှားက ပေးချေထားပြီး ဖြစ်ကြောင်း သိရပါတယ်။
မလေးရှား ရေတပ်အတွက် ဒုံးကျည် စနစ် ၆ ခုထောက်ပံ့ရေး နော်ဝေက ဒေါ်လာ ၁၄၅ ဒသမ ၂၃ သန်းနဲ့ ၂၀၁၈ ခုနှစ်မှာ သဘောတူ စာချုပ်ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။
Ref:Agencies

