ဘေဂျင်း၊ မေ ၁၅

တရုတ်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဟာ တခြားနာမည်သုံးပြီး သမ္မတ ဒေါ်နယ် ထရန့်နဲ့အတူ ဘေဂျင်းသို့ ရောက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သူလွှတ်တော်အမတ်အဖြစ် ရှိနေသေးတဲ့ အချိန်မှာ တရုတ်က နှစ်ကြိမ်တိုင် ဒဏ်ခတ် ပိတ်ဆို့ခဲ့ပြီး အခုတော့ ဘေဂျင်းသို့ လာရောက်နိုင်အောင်လို့ တရုတ်က ဘာသာစကား လှည့်ကွက်နဲ့ သံတမန်ရေး လုပ်ထုံးလုပ်နည်းတွေကို အသုံးချခဲ့တာ ဖြစ်ပါတယ်။

ရူဘီယိုနဲ့ နာမည်ကို ဘေဂျင်းက သံတူ စာလုံးပေါင်းနဲ့ ပြောင်းလဲလိုက်ပြီး ဘေဂျင်းသို့ လာရောက်နိုင်အောင် စီစဉ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုခရီးစဉ်အတွက် တရားဝင် စာရွက်စာတမ်းတွေမှာ တရုတ်က ရူဘီယိုရဲ့ နာမည်ကို ခြားနားတဲ့ စာလုံးပေါင်းနဲ့ ဖော်ပြထားတာ ဖြစ်တယ်လို့ ဘေဂျင်းရှိ အယ်လ်ဂျာဇီးယား သတင်းထောက် အလန် ဖစ်ရှာက ပြောပါတယ်။

မာကို ရူဘီယိုဆိုတဲ့ နာမည်ကို တရုတ်က တရုတ် အသံထွက်နဲ့ အနီးစပ်ဆုံး ယူပြီး မာကို လူလို့ ပြောင်းပေးလိုက်တာကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘေဂျင်းသို့ လာရောက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို နာမည် ပြောင်းလိုက်တာကြောင့် တရုတ်အနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးစရာ မလိုဘဲ မာကို ရူဘီယိုကို လာရောက်ခွင့် ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီက နိုင်ငံခြားရေးဝန်ကြီး ဖြစ်မလာခင် တရုတ်က ရူဘီယိုရဲ့ နာမည်ကို ပြောင်းလဲထားလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ရူဘီယိုအနေနဲ့ ထရန့် နဲ့အတူ ဘေဂျင်းသို့ လာရောက်ဖို့ ဆန္ဒရှိတယ်ဆိုရင် သူ့အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

ရူဘီယို လွှတ်တော် အမတ်ဖြစ်နေချိန် ဘေဂျင်းရဲ့ ဟောင်ကောင်မှာ နှိမ်နှင်းမှု အပါအဝင် တရုတ် အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုမှုကြောင့် သူ့ကို တရုတ်က နှစ်ကြိမ်တိုင် ဒဏ်ခတ် ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။

ကျူးဘား- အမေရိကန် လူမျိုး ဖြစ်ပြီး ကွန်မြူနစ် စနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူ ရူဘီယိုက စင်ကျန်း ဒေသမှာ ဝီဂါ လူမျိုးတွေအပေါ် တရုတ် အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့လည်း ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။
Ref:Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.