ဘေဂျင်း၊ မေ ၁၅
အီရန်ဆီကို စစ်ဖက်ဆိုင်ရာ လက်နက် ကိရိယာတွေ မရောက်ရှိအောင် တရုတ်က ထိန်းချုပ်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က Fox News သတင်းဌာနနဲ့ စောစောပိုင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ပြောပါတယ်။
အီရန် ပိတ်ဆို့ထားတဲ့ ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး တရုတ်က အလိုရှိနေပြီး အမေရိကန် ရေနံတွေကို ဝယ်ယူဖို့ ဘေဂျင်းက သဘောတူထားတယ်လို့လည်း ထရန့်က ပြောပါတယ်။
သူ့အနေနဲ့ တရုတ်ဆီက အများကြီး ရရှိထားတယ်လို့ ထရန့်က ပြောပေမယ့် တရုတ်က ဘာပြန်လိုချင်တာလဲ ဆိုတာနဲ့ ပတ်သက်လို့ အသေးစိတ်ကို မပြောပါဘူး။
မေ ၁၄ ရက်မှာ သမ္မတ ရှီကျင့်ဖျင်က တရုတ်- အမေရိကန် ဆက်ဆံရေးကို ချီးကျူးပြီး ကမ္ဘာကြီးရဲ့ အရေးအကြီးဆုံး ဆက်ဆံရေး ဖြစ်တယ်လို့ ပြောပါတယ်။
ထရန့်က ဆွေးနွေးမှုတွေက တော်တော်လေး အပေါင်းလက္ခဏာဆောင်တယ်လို့ ပြောကြားပြီး တရုတ်နဲ့ နောက်ဆုံးအကျော့ ဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။
နှစ်နာရီ နီးပါးကြာမြင့်ခဲ့တဲ့ ဆွေးနွေးမှုအတွင်း ကုန်သွယ်ရေး အခွန်၊ ရေနံနဲ့ အီရန် ကိစ္စကို အဓိက ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်က စောစောပိုင်းက ပြောပါတယ်။
ဒါပေမဲ့ အခွန် ကိစ္စ၊ ပို့ကုန် ထိန်းချုပ်မှုတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံကြား သဘောထား ကွဲလွဲမှုတွေ ရှိနေဆဲပဲလို့ ဘီဘီစီ သတင်းထောက်က ရေးပါတယ်။
နှစ်နိုင်ငံစလုံးနဲ့ ပတ်သက်လို့ရော၊ ကမ္ဘာကြီးနဲ့ ပတ်သက်လို့ရော ထရန့်နဲ့ ရှီတို့ နက်ရှိုင်းတဲ့ အမြင်တွေ ဖလှယ်ခဲ့ကြပြီး ဘုံသဘောတူညီချက် အသစ်တွေ ရရှိခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
သမ္မတ နှစ်ဦး အနေနဲ့ တစ်ဦးနဲ့ တစ်ဦးရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ ဘုံသဘောတူညီချက် ရရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ တရုတ် နိုင်ငံပိုင် မီဒီယာက ဖော်ပြထား ပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အီရန် စစ်ပွဲနဲ့ ပတ်သက်လို့ အဖြေရှာဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။
မကြာခင် အဖြေ တစ်ခု ရှာဖွေတာက အမေရိကန်အတွက်ရော အီရန်အတွက်ပါ ကောင်းသလို ဒေသတွင်း တခြား နိုင်ငံတွေနဲ့ တစ်ကမ္ဘာလုံးအတွက်လည်း ကောင်းတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
တရုတ် ကွန်မြူနစ် ပါတီရဲ့ တရားဝင် သတင်းစာ People’s Daily က ထရန့်နဲ့ ရှီ တွေ့ဆုံတဲ့ အကြောင်းကို မေ ၁၅ ရက်က မျက်နှာဖုံး တစ်ခုလုံးမှာ ဖော်ပြခဲ့ပါတယ်။
ရှီက တရုတ်အနေနဲ့ အီရန်ကို စစ်လက်နက် မထောက်ပံ့ပါဘူးလို့ ကတိပေးကြောင်းလည်း ထရန့်က ပြောပါတယ်။
လောလောဆယ် အမေရိကန်က အီရန်နဲ့ အပစ်အခတ် ရပ်စဲထားပေမယ့် အီရန်က ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားတာကြောင့် ကမ္ဘာ့ လောင်စာ ကုန်သွယ်မှု ထိခိုက်နေပါတယ်။
အီရန် ရေနံကို အဓိက ဝယ်ယူနေတဲ့ တရုတ်က အဲဒီ ရေလမ်းကြောင်း ပြန်လည် ဖွင့်လှစ် စေလိုတယ်လို့ ထရန့်က ပြောပါတယ်။
ဒီအတောအတွင်း ဗြိတိန် အပါအဝင် နိုင်ငံအများက ဟောမု့ဇ်ရေလက်ကြား လုံခြုံရေး အတွက် စစ်သင်္ဘောတွေ ချထားပေးဖို့ သဘောတူထားပါတယ်။
ထရန့်ကတော့ အီရန်မှာ အမေရိကန်ရဲ့ စစ်ရေးအောင်မြင်မှုတွေနဲ့ ပတ်သက်လို့ ကြွားဝါ ပြောဆိုပြီး မိမိတို့အနေနဲ့ ဗင်နီဇွဲလားမှာ သက်သေပြပြီး ဖြစ်သလို အီရန်ဟာလည်း စစ်ရေးအရ အင်အားကုန်ပြီလို့ ပြောပါတယ်။
ဒါပေမဲ့ အီရန်ကတော့ အမေရိကန်ရဲ့ နောက်ထပ် တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ အသင့်ပြင်ဆင်ထားတယ်လို့ ပြောဆိုထားပါတယ်။
Ref:BBC

