ဟာဗားနား၊ မေ ၁၅
အမေရိကန်နဲ့ ကျူးဘား နှစ်နိုင်ငံကြား သာမန်ထက်ပိုပြင်းထန်တဲ့ တင်းမာမှုတွေ ရှိနေချိန် စီအိုင်အေ ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ်က မေ ၁၄ ရက်မှာ ဟာဗားနားသို့ အမှတ်မထင် သွားရောက်ပြီး ကျူးသား ထိပ်တန်း အရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စီအိုင်အေ အရာရှိ တစ်ဦးက ပြောပါတယ်။
စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ အမေရိကန်က အလေးအနက် စေ့စပ် ဆွေးနွေးဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ သမ္မတ ဒေါ်နယ် ထရန့်ရဲ့ သတင်းစကားကို ပေးပို့ဖို့ စီအိုင်အေ ညွှန်ကြားရေးမှူး ကျူးဘားသို့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကျူးဘားအနေနဲ့ အခြေခံကျတဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်မှပဲ အမေရိကန်က လေးလေးနက်နက် စေ့စပ်ဆက်ဆံသွားမှာ ဖြစ်တယ်လို့ စီအိုင်အေ အရာရှိက ပြောပါတယ်။
ကျူးဘား ပြည်ထဲရေးဝန်ကြီး လာဇာရို အယ်ဘာရို ကတ်စ်ဆက်စ်၊ ကျူးဘား ထောက်လှမ်းရေး အကြီးအကဲတို့နဲ့ ဂျွန် ရက်ကလစ်ဖ်ဟာ ဟာဗားနားမှာ တွေ့ဆုံပြီး ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေး တည်ငြိမ်ရေးနဲ့ လုံခြုံရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ကျူးဘားအနေနဲ့ အနောက်တိုင်းရဲ့ ရန်သူတွေအတွက် သုခဘုံ တစ်ခုလို လုံးဝ ဖြစ်လို့ မရတော့အောင် အမေရိကန်က ဖိအားပေးနေပါတယ်။
ကျူးဘား နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်အနေနဲ့ ကျူးဘားမှာ သွေးချောင်းစီးနိုင်တဲ့ အန္တရာယ်များတဲ့ လမ်းကြောင်းကို မရွေးချယ်ဖို့ သတိပေးထားပါတယ်။
နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့တဲ့ ကြေညာချက်မှာ ကျူးဘားအစိုးရက စီအိုင်အေ ညွှန်ကြားရေးမှူးနဲ့ တွေ့ဆုံမှုကို အတည်ပြုထားပြီး အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် တွေ့ဆုံတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကျူးဘားဖက်က ပေးအပ်တဲ့ သတင်းအချက်အလက်တွေနဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့နဲ့ ဆွေးနွေးမှုတွေအရ ကျူးဘားဟာ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်မရှိဘူးလို့ သတ်မှတ်ရေး ဖြစ်လာနိုင်တယ်လို့ ကျူးဘား အစိုးရက ကြေညာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဗင်နီဇွဲလား သမ္မတ နီကိုလာ့စ် မာဒူရိုကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ကျူးဘားကို အမြင့်မားဆုံး ဖိအားပေးပြီး အရေးယူမယ်လို့ သတိပေးထားတာ ကြာပြီ ဖြစ်ပါတယ်။
မကြာသေးခင်က ကျူးဘားရဲ့ နိုင်ငံရေးစနစ် လုံးလုံးလျားလျား ပြောင်းလဲဖို့ လိုအပ်နေပြီလို့ ထရန့်က ပြောကြားပြီး မကြာခင်မှာ ကျူးဘားကို အမေရိကန်က တစ်ခုခု လုပ်တော့မယ်လို့ အကြိမ်ကြိမ် ကြေညာခဲ့ပါတယ်။
ယခုလဆန်းပိုင်းကလည်း အီရန် စစ်ဆင်ရေးပြီးနောက် နောက်ထပ် ကိုင်တွယ်သွားမှာက ကျူးဘားပဲ ဖြစ်တယ်လို့ ထရန့်က ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ထရန့် အစိုးရအနေနဲ့ ကျူးဘားအပေါ် အခုအချိန်အထိ စီးပွားရေး ဖိအားတွေပဲ ပေးထားတာ တွေ့ရပါတယ်။
ကျူးဘားသို့ ရေနံ တင်ပို့နေတဲ့ နိုင်ငံတွေအပေါ် အမေရိကန်က ထပ်တိုး အခွန်တွေ ကောက်ခံမယ့် အစီအစဉ်ကို ကြေညာခဲ့ပြီး ကျူးဘားနဲ့ ပတ်သက်လို့ အမျိုးသားလုံခြုံရေး အရေးအပေါ် အခြေအနေ တစ်ရပ် ကြေညာထား ပါတယ်။
စွမ်းအင် ပြဿနာနဲ့ အခက်ကြုံနေတဲ့ ကျူးဘားကို ဂုဏ်ယူစွာနဲ့ ထိန်းချုပ်သွားမှာ ဖြစ်ကြောင်း ထရန့်က ပြောဆိုထားပါတယ်။
လောလောဆယ် ကျူးဘားမှာ ဒီဇယ် မရှိတော့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားချိန် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။
Ref:ABC

