ဘေဂျင်း၊ မေ ၁၄
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ကို လက်ခံ တွေ့ဆုံချိန် တရုတ် သမ္မတ ရှီကျင့်ဖျင်က မိမိတို့ နှစ်နိုင်ငံအနေနဲ့ ပြိုင်ဖက်တွေ မဟုတ်ဘဲ လက်တွဲဖော်တွေ ဖြစ်သင့်ကြောင်း ပြောကြားပြီး ထိုင်ဝမ်နဲ့ ပတ်သက်လို့ အသေအချာ မကိုင်တွယ်ရင် ပဋိပက္ခ ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
ထရန့်က သူနဲ့အတူ ထိပ်တန်း စီးပွားရေး ခေါင်းဆောင်တွေနဲ့ တရုတ်က ဒဏ်ခတ် ပိတ်ဆို့ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကိုလည်း အတူ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
ထရန့်က သူ့အနေနဲ့ သမ္မတ ရှီရဲ့ မိတ်ဆွေ ဖြစ်ရတာ ဂုဏ်ယူကြောင်း ပြောကြားပြီး သူတို့ အဖွဲ့ကို လက်ခံ ကြိုဆိုပုံနဲ့ ပတ်သက်လို့ ချီးကျူးပါတယ်။
မေ ၁၃ ရက် ညနေပိုင်းက ဘေဂျင်းသို့ ရောက်ရှိလာခဲ့တဲ့ ထရန့်က တရုတ်သို့ သွားခါနီးမှာ သူ့အနေနဲ့ အီရန် စစ်ပွဲ အဆုံးသတ်ရေး ရှီကျင့်ဖျင်ရဲ့ အကူအညီ မလိုဘူးလို့ ပြောထားခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ နှစ်ဦး ထိပ်တိုက်ဆွေးနွေးရာမှာ အီရန် စစ်ပွဲအကြောင်းနဲ့ ထိုင်ဝမ် အရေး၊ ယူကရိန်း စစ်ပွဲစတဲ့ ကိစ္စတွေအပြင် ကုန်သွယ်ရေး ကိစ္စတွေ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။
တရုတ်အနေနဲ့ ဟောမု့ဇ် ရေလက်ကြားကို အားကိုးနေရတဲ့ အခြေအနေကို လျှော့ချရေး အမေရိကန် ရေနံတွေ ပိုမို ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း ရှီကျင့်ဖျင်က အချက်ပြထားတယ်လို့ အိမ်ဖြူတော်က ဖော်ပြပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံပိုင် မီဒီယာရဲ့ ဖော်ပြချက်မှာ အမေရိကန်ဆီက ရေနံ ဝယ်ယူမယ့် အကြောင်း ဖော်ပြထားတာ မတွေ့ရပါဘူး။
ကမ္ဘာ့စွမ်းအင်အတွက် ဟောမု့ဇ်ရေလက်ကြားကို ဖွင့်လှစ်ထားရမယ်ဆိုတာကို ထရန့်နဲ့ ရှီတို့ စောစောပိုင်းကတည်းက သဘောတူထားပြီး ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောထားပါတယ်။
ရှီနဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေ ကောင်းတယ်လို့ ထရန့်က ပြောပေမယ့် ကုန်သွယ်ရေး အခွန်တွေ ကောက်ခံထားမှု၊ သွင်းကုန် ထိန်းချုပ်မှုတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံကြား သဘောထား ကွဲလွဲမှုတွေ အများကြီး ကျန်ရှိနေဆဲ ဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။
ရှီကတော့ ဆွေးနွေးမှု အစမှာပဲ ထိုင်ဝမ်နဲ့ ပတ်သက်လို့ အမေရိကန်နဲ့တရုတ် စစ်ဖြစ်နိုင်တယ်ဆိုပြီး သတိပေးခဲ့ပါတယ်။
ကိုယ်ပိုင် ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ အမေရိကန်-တရုတ် ဆက်ဆံရေး တင်းမာစေတဲ့ အဓိက အရင်းအမြစ် နေရာ ဖြစ်ပါတယ်။
ဘေဂျင်းသို့ ထရန့် ရောက်ရှိပြီး မကြာခင်မှာပဲ ကရင်မလင် နန်းတော်က ရုရှား သမ္မတ ဗလာဒီမာ ပူတင်လည်း မကြာခင် တရုတ်သို့ လာရောက်မှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။
ဘယ်နေ့ဘယ်ရက် သွားရောက်မယ်ဆိုတာ မပြောထားပေမယ့် ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်ကတော့ ကြိုတင်ပြင်ဆင်မှု အားလုံး ပြီးပြီ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
Ref:CNA / BBC

