နိုင်ငံခြားသား ကျားဖြန့် အများအပြား ဖမ်းမိပြီးနောက် ဗီဇာ ကင်းလွတ်ခွင့်ကို အင်ဒိုနီးရှား ပြန်လည် သုံးသပ်မယ်

ဂျကာတာ၊ မေ ၁၄

တရားမဝင် လောင်းကစားလုပ်ငန်းတွေနဲ့ အွန်လိုင်း လူလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေတယ်လို့ စွပ်စွဲခံထားရတဲ့ နိုင်ငံခြားသား အများအပြားကို အကြိမ်ကြိမ် ဖမ်းဆီးရမိခဲ့ပြီးနောက် အင်ဒိုနီးရှားအစိုးရက အရှေ့တောင်အာရှနိုင်ငံတွေက နိုင်ငံသားတွေအတွက် ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပြုခဲ့ မူဝါဒကို ပြန်သုံးသပ်မှာ ဖြစ်ကြောင်း ထိပ်တန်း လူဝင်မှု ကြီးကြပ်ရေးအရာရှိ တစ်ဦးက မေ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြို့တော် ဂျကာတာရှိ အွန်လိုင်း လောင်းကစား ဂိုဏ်းတစ်ဂိုဏ်းနဲ့ ဘာတမ်ရှိ ကျားဖြန့်ဂိုဏ်းတို့ကို သီးခြား စီးနင်းမှု နှစ်ခုအတွင်း အာဏာပိုင်တွေက လူ ၅၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံခြားသားတွေထဲမှာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ လာအိုနဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်ပြီး အဲဒီ နိုင်ငံသားတွေ အားလုံးဟာ အင်ဒိုနီးရှားမှာ ဗီဇာမလိုဘဲ ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရှိသူတွေ ဖြစ်ပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွ ဖမ်းဆီးထားသူတွေထဲမှာ ဗီဇာ ကင်းလွတ်ခွင့် အစီအစဉ်မှာ မပါတဲ့ တရုတ်နိုင်ငံသားတွေလည်း ပါဝင်နေပါတယ်။

အင်ဒိုနီးရှား လူဝင်မှု ကြီးကြပ်ရေး အရာရှိ ဟန်ဒါဆမ် မာရန်တိုကိုက တရားမဝင် လုပ်ရပ်တွေကြောင့် ပြင်းထန်တဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ ပြောပါတယ်။

ဗီဇာ မလိုဘဲ ဝင်ရောက်ခွင့်ရှိတဲ့ နိုင်ငံတွေက လာရောက်သူတွေ အပါအဝင် တရားမဝင် လုပ်ရပ်တွေမှာ နိုင်ငံခြားသားတွေ ပါဝင်နေမှုကြောင့် မူဝါဒတွေကို ပြန်လည် ချင့်တွက်ဖို့ လိုအပ်လာပြီ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဂျကာတာမြို့ရှိ တရားမဝင် လောင်းကစားလုပ်ငန်းမှာ ပါဝင်နေတယ်လို့ ဆိုသူတွေဟာ အင်ဒိုနီးရှားသို့ ဗီဇာ ကင်းလွတ်ခွင့် အစီအစဉ်အရ ဝင်ရောက်လာတာနဲ့ ဆိုက်ရောက်ပြီးမှ ပါမစ် လျှောက်ားသူတွေ ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေးမှူးတွေ စစ်ဆေးတွေ့ရှိထားပါတယ်။

မကြာသေးခင် သီတင်းပတ်တွေက လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက လူ ၂၀၀၀ ကျော်ကို ပြန်လည် ပို့ဆောင်တာ၊ နေထိုင်ခွင့် ပါမစ်ကို ဖျက်သိမ်းတာ အပါအဝင် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ရပ်ပေါင်း ၆၇၀၀ ကျော် ဆောင်ရွက်ခဲ့တယ်လို့ ဟန်ဒါဆမ်က ပြောပါတယ်။

ဂျကာတာနဲ့ ဘန်တမ်မှာ ဖမ်းဆီးမှုတွေ ရှိခဲ့ပြီးနောက် အင်ဒိုနီးရှားဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ စုရပ် ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

တားမြစ်ထားတဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေကို နှိမ်နှင်းမှုအတွင်း နိုင်ငံခြားသား ၃၂၁ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဒီအတောအတွင်း ထိုင်းအစိုးရကလည်း ဗီဇာ မူဝါဒတွေကို ပြန်လည် သုံးသပ်နေပြီး နိုင်ငံခြားသားတွေ ကမ္ဘာလှည့် ခရီးသွားအဖြစ် ဟန်ဆောင်ပြီး တရားမဝင် လုပ်ငန်းတွေ လာရောက် လုပ်ကိုင်မှာကို စိုးရိမ်တာကြောင့် ဖြစ်ပါတယ်။

Source: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.