ဂျေရုစလင်၊ မေ ၁၄

ဟားမာ့စ်အဖွဲ့ အနေနဲ့ လက်နက်ကိုင် ပဋိပက္ခကို ငြင်းပယ်ပြီး သူတို့ရဲ့ လက်နက်တွေနဲ့ စစ်ဖက်ဆိုင်ရာ အဆောက်အဦတွေကို စွန့်လွှတ်မယ်ဆိုရင် အာဏာလွှဲပြောင်းပြီးနောက်မှာ နိုင်ငံရေး အဖွဲ့အစည်း တစ်ခု အဖြစ် ရှင်သန်နိုင်တယ်လို့ ဂါဇာအတွက် ဒေါ်နယ်ထရန့်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရေး တာဝန်ပေးအပ်ခံထားရတဲ့ အကြီးတန်း သံတမန် တစ်ဦးက ပြောလိုက်ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့အတွက် ဂါဇာ ဒေသဆိုင်ရာ ကိုယ်စားလှယ်တော်ကြီး နီကိုလေ အမ်လာဒီနော့ဗ်က ဂျေရုစလင် ခရီးစဉ်အတွင်း လက်ရှိ ဖြစ်နေတဲ့ ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေကြောင့် ဂါဇာဒေသ ထာဝရ တစ်ကွဲတစ်ပြား ဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။

အစ္စရေး ထိန်းချုပ်ထားတဲ့ ဒေသကို အမှတ်အသားပြုထားတဲ့ အဝါရောင်စည်း တလျှောက် ခြံစည်းရိုး ဒါမှမဟုတ် တံတိုင်း တစ်ခု ထွက်ပေါ်လာနိုင်ပြီး ဂါဇာဒေသ ထာဝရ တစ်ကွဲတစ်ပြား ဖြစ်သွားနိုင်တယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။

ဂါဇာ ကမ်းမြောင်ဒေသ အဲဒီလို ဖြစ်သွားမှာကို ဂါဇာရှိ ပါလက်စတိုင်းသားတွေလည်း တွေ့မြင်ချင်ကြမှာ မဟုတ်ဘူးလို့ မိမိအနေနဲ့ ယုံကြည်ထားကြောင်း နီကိုလေ အမ်လာဒီနော့ဗ်က ပြောပါတယ်။

ဂါဇာ ဒေသအတွက် ဒေါ်နယ် ထရန့်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ဟာ ပျက်ပြယ်နေတဲ့ အပစ်အခတ် ရပ်စဲမှုနဲ့ အတူ လောလောဆယ် ရှေ့မဆက်နိုင် ဖြစ်နေပါတယ်။

ဟားမာ့စ်က အခုအချိန် လက်နက် ဖြုတ်သိမ်းဖို့ ငြင်းဆိုထားပြီး အစ္စရေးက ဂါဇာ ကမ်းမြောင် ဒေသတဝှမ်း တိုက်ခိုက်မှုတွေ ပုံမှန်ပြုလုပ်နေပြီး သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေဆီ ချဉ်းကပ်လာသူတွေကို ပစ်ခတ် တိုက်ခိုက်နေပါတယ်။

ကြက်ခြေနီ နိုင်ငံတကာ ကော်မတီရဲ့ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် ဂရီဖစ်က ရာဖာဒေသမှာ ရှိတဲ့ သူ့အဖွဲ့အစည်းရဲ့ ဆေးရုံသို့သွားရောက်တဲ့ နေ့တိုင်း သေနတ်ပစ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားရတယ်လို့ ပြောပါတယ်။

အဲဒီ ဆေးရုံဟာ အစ္စရေး ထိန်းချုပ်ထားတဲ့ ဒေသ အနီးမှာ တည်ရှိတာ ဖြစ်ပြီး ဝန်ထမ်းတွေဟာ ပစ်ခတ်သံတွေ ကြားနေရင်းနဲ့ အလုပ်လုပ်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာက စတင် အသက်ဝင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲမှု နောက်ပိုင်း အစ္စရေးက သူတို့ ထိထိရောက်ရောက် ထိန်းချုပ်ထားတဲ့ နယ်မြေကို တိုးချဲ့နေပါတယ်။

သူတို့ နယ်မြေတွေ ထပ်မံ တိုးချဲ့ ထိန်းချုပ်နေတာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ မတ်လက အစ္စရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ငန်းတွေ လည်ပတ်ခဲ့ရပါတယ်။

အစ္စရေးတပ်တွေက ဂါဇာ ကမ်းမြောင် ဒေသရဲ့ ၆၄ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ Israel Hayom နေ့စဉ် သတင်းစာက တွက်ချက် ဖော်ပြထားပါတယ်။

အဲဒီ ဒေသတွေကနေ အစ္စရေး တပ်ဖွဲ့တွေ ဆုတ်ခွာဖို့က ဟားမာ့စ် အဖွဲ့ လက်နက်ဖြုတ်သိမ်းမှုနဲ့ အာဏာလွှဲအပ်မှုအပေါ်မှာ မူတည်နေပေမယ့် အစ္စရေးကို တိုက်ခိုက်မှု စွန့်လွှတ်ပြီး နိုင်ငံရေး ပါတီ အဖြစ် ဆက်လက် ရှင်သန်နိုင်တယ်လို့ အမ်လာဒီနော့ဗ်က ပြောပါတယ်။

မိမိတို့အနေနဲ့ ဟားမာ့စ် အဖွဲ့ကို နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ပျောက်ကွယ်သွားပေးဖို့ တောင်းဆိုနေတာ မဟုတ်ကြောင်း၊ ပါလက်စတိုင်း ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်နိုင်တဲ့ နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ခွင့် ရှိမှာ ဖြစ်ကြောင်း ပြောထားပါတယ်။

အစ္စရေး အစိုးရကတော့ ဟားမာ့စ် အဖွဲ့နဲ့ သူတို့ရဲ့ အဖွဲ့ခွဲတွေအနေနဲ့ ဂါဇာဒေသ အုပ်ချုပ်ရေးမှာ တိုက်ရိုက်ရော၊တိုက်ရိုက် မဟုတ်ဘဲရော ဘယ်လို ပုံစံနဲ့ မဆို ပါဝင်ခွင့် မရှိဘူးဆိုတာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု အရ သတ်မှတ်ထားပြီး ဖြစ်တယ်လို့ ပြောထား ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.