ဘန်ကောက်၊ မေ ၁၄

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်မှု မှန်သမျှဟာ ဖေဖော်ဝါရီ ၈ ရက် လူထု ဆန္ဒခံယူပွဲမှာ မဲပေးသူ ၂၁ သန်းကျော် ဖော်ပြထားတဲ့ လုပ်ပိုင်ခွင့် အာဏာနဲ့အညီဆောင်ရွက်ရမှာ ဖြစ်ကြောင်း ထိုင်း ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောလိုက်ပါတယ်။

ဒါပေမဲ့ အစိုးရဟာ အရင်လွှတ်တော်က အဆိုပြုထားခဲ့တဲ့ ပြင်ဆင်မှု ဥပဒေကြမ်းတွေအရ အစိုးရမှာ ကန့်သတ်ချည်နှောင်မှု ရှိမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆိုပြုချက်တွေနဲ့ ပတ်သတ်တဲ့ နောက်ဆုံးသတ်မှတ်ထားတဲ့ မေ ၁၄ ရက်မတိုင်ခင် ဝန်ကြီးချုပ် အနုတင်က မေ ၁၃ ရက်မှာ အခုလိုမျိုး ပြောဆိုလာတာပါ။

လူထုဆန္ဒခံယူပွဲ ရလဒ်အရ အများက ပြင်ဆင်ရေး လိုလားကြောင်း ဖော်ပြထားတာကြောင့် အရင်က အဆိုပြုထားတဲ့ ပြင်ဆင်ရေး ဥပဒေကြမ်းတွေကို အစိုးရအဖွဲ့က ပြည်လည် အတည်ပြုသွားမှာလားလို့ မေးမြန်းရာမှာ သူက မိမိတို့ရဲ့ အနေအထားအရ မိမိတို့ဟာ ပြည်သူလူထုရဲ့ အသံကို နားထောင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အရင်အစိုးရလက်ထက်က တင်သွင်းခဲ့တဲ့ အဆိုပြုချက်တွေနဲ့ ချည်နှောင်မှု မရှိဘဲ အဲဒီ လုပ်ငန်းစဉ်ကို လက်ရှိ လွှတ်တော်နဲ့ အတူ စတင်ရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲကို အထွေထွေရွေးကောက်ပွဲနဲ့ တစ်ရက်တည်း ကျင်းပခဲ့တာကြောင့် ပြင်ဆင်ရေး လုပ်ငန်းစဉ် မှန်သမျှကို လက်ရှိလွှတ်တော်နဲ့ အစပြုရမှာ ဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းစဉ်ကို အရင်လွှတ်တော်က အဆိုပြုခဲ့တဲ့ ဥပဒေကြမ်းတွေနဲ့ ချည်နှောင်ဖို့ မသင့်တော်ပါဘူးလို့ သူက ဆိုတာပါ။

ပြင်ဆင်ရေး လုပ်ငန်းစဉ် အသစ်ရဲ့ အချိန်သတ်မှတ်ချက်နဲ့ အသေးစိတ် အခြေအနေကို လွှတ်တော်က ဆုံးဖြတ်မှာ ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ ခေါင်းဆောင် အနေနဲ့ လွှတ်တော် လုပ်ငန်းစဉ်တွေမှာ မိမိ ပါဝင်မှာ မဟုတ်ကြောင်း အနုတင်က ပြောပါတယ်။

ထိုင်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုတွေဟာ စစ်တပ်နဲ့ နန်းတော် လိုလားသူတွေရဲ့ တားဆီးမှုနဲ့ အမြဲလိုလို ထိပ်တိုက် ရင်ဆိုင်ရလေ့ ရှိပါတယ်။

နန်းတော် အသရေဖျက်မှုဆိုင်ရာ ဥပဒေကို နိုင်ငံရေးအရ အသုံးချမှုတွေ ရှိနေပေမယ့် အဲဒီဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုဟာလည်း လုံးဝ မအောင်မြင်နိုင်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

ဒီဥပဒေက ဒီမိုကရေစီ စစ်စစ်တောင်းဆိုမှုတွေကို နှိပ်ကွပ်ဖို့ နိုင်ငံရေးအရ အသုံးချစရာ လက်နက်တစ်ခုလို ဖြစ်နေပါတယ်။

ဖွဲ့စည်းပုံရဲ့ တချို့ အစိတ်အပိုင်းတွေ အထူးသဖြင့် နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ နန်းတော်နဲ့ ဆက်စပ်တဲ့ ဥပဒေတွေကို လုံးဝ မပြင်ဘဲ ထားသင့်တယ်ဆိုတဲ့ ဘွမ်ဂျိုင်ထိုင်း ပါတီရဲ့ ကာလကြာရှည် သဘောထားကို ဝန်ကြီးချုပ်က ထပ်လောင်း ပြောဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ ဆက်စပ်တဲ့ ဥပဒေတွေကို မထိသင့်ဘူးဆိုတာ မိမိအနေနဲ့ အရင်ကလည်း ပြောဆိုခဲ့ဖူးပြီး ကျန်တာအားလုံး ဆွေးနွေးလို့ရတယ်လို့ အနုတင်က ပြောပါတယ်။

အရင်က အဆိုပြုထားတဲ့ ဥပဒေကြမ်းတွေကို မစဉ်းစားဘဲ အားလုံး အသစ်က ပြန်စမယ်လို့ ဆိုထားတဲ့အပေါ် ကလန်သမ် ပါတီ ဒုခေါင်းဆောင် အနုဒစ် နာခွန်သက်က ပြစ်တင် ဝေဖန်ထားပါတယ်။

အစိုးရဟာ လူထု ဆန္ဒခံယူပွဲ လုပ်ငန်းစဉ် စတင်ခဲ့ပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေး တာဝန်ကို ရှောင်လွှဲနေတယ်လို့သူက စွပ်စွဲထားပါတယ်။

အစိုးရဟာ သူ့ရဲ့တာဝန်တွေကို ဆောင်ရွက်ရမယ့်အစား ဝန်ထုပ်ဝန်ပိုင်းကို လက်ရှိ လွှတ်တော်ဆီ လွှဲအပ်နေတယ်လို့ သူက ပြောပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.