လန်ဒန်၊ မေ ၁၃
ဟောမု့ဇ် ရေလက်ကြားမှာ သင်္ဘောလမ်းကြောင်း ဘေးအန္တရာယ် ကင်းရှင်းရေး ပူးပေါင်း အစီအစဉ်အတွက် တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ စစ်သင်္ဘော စေလွှတ်ပေးမယ်လို့ ဗြိတိန်က ပြောလိုက်ပါတယ်။
မေ ၁၂ ရက်က အွန်လိုင်းက ပြုလုပ်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးများ ထိပ်သီး ဆွေးနွေးပွဲမှာ အဲဒီ အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီး ဂျွန် ဟာလေက ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အစီအစဉ်မှာ ရေမြှုပ်မိုင်း ရှာဖွေရှင်းလင်းရေး အလိုအလျောက် စနစ်တွေနဲ့ မောင်းသူမဲ့ ရေယာဉ်တွေအပြင် ဝေဟင်ကင်းလှည့် စောင့်ကြည့်ရေး တိုင်ဖွန်း လေယာဉ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။
အဲဒီ အစီအစဉ်မှာ တခြား နိုင်ငံပေါင်း ၄၀ ကျော် ပါဝင်ပြီး အခြေအနေ ပေးတဲ့ အချိန်မှာ စတင်မှာ ဖြစ်ကြောင်း ဝန်ကြီး ဟာလေက ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ကမ္ဘာ့ အရေးအပါဆုံး ရေနံတင်သင်္ဘော လမ်းကြောင်းတွေထဲက တစ်ခု ဖြစ်တဲ့ ဟောမု့ဇ်ရေလက်ကြားကို အီရန်က ထိန်းချုပ်ထားတာ လနဲ့ချီ ကြာနေပြီ ဖြစ်ပါတယ်။
အမေရိကန်က အီရန် ဆိပ်ကမ်းတွေကို ပိတ်ထားပြီး သူတို့ရဲ့ တောင်းဆိုချက်တွေကို သဘောတူလာအောင် အီရန်အပေါ် ဖိအားပေးထားပါတယ်။
အမေရိကန်ရဲ့ လုပ်ရပ်ကြောင့် အီရန်က ဒေါသထွက်နေပြီး တန်ပြန် တောင်းဆိုမှုတွေ လုပ်ထားပေမယ့် သမ္မတ ဒေါ်နယ်ထရန့်က လုံးဝ လက်မခံနိုင်ဘူးလို့ ပြောထားပါတယ်။
ကမ္ဘာကြီးအတွက် လိုအပ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရည် ၂၀ ရာခိုင်နှုန်းလောက်ကို အဲဒီ ရေလက်ကြားကနေ သယ်ဆောင်နေတာ ဖြစ်ပြီး အီရန်ရဲ့ ပိတ်ဆို့ထားမှုကြောင့် ကမ္ဘာတဝှမ်း ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။
ဧပြီလကတည်းက အမေရိကန်နဲ့အီရန်ကြား အပစ်အခတ် ရပ်စဲထားပေမယ့် တိုက်ခိုက်မှု တချို့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
အဲဒီ ဒေသတွင်းသို့ ဗြိတိန် စစ်သား ၁၀၀၀ ကျော် ချထားပြီး ကာကွယ်ရေး လုပ်ငန်းစဉ်တွေ အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လအတွင်း ဗြိတိန်နဲ့ ပြင်သစ်တို့ ကြေညာခဲ့တဲ့ နိုင်ငံစုံ အစီအစဉ်ဟာ ကာကွယ်ရေး အတွက် သီးသန့် ဖြစ်ပြီး ဟောမု့ဇ် ရေလက်ကြားမှာ ကုန်တင် သင်္ဘောတွေ ယုံကြည်မှု ရှိရှိ ပြန်လည် ပြေးဆွဲနိုင်ရေး ရည်ရွယ်ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
မိုင်း ရှာဖွေရေး ဒရုန်းတွေနဲ့ ဒရုန်း တိုက်ဖျက်ရေး စနစ်တွေအတွက် ရန်ပုံငွေ အသစ် ပေါင် ၁၁၅ သန်းနဲ့ ဗြိတိန်က အခုလိုမျိုး ကူညီဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့အတူ နိုင်ငံစုံ ပါဝင်တဲ့ အဲဒီ မစ်ရှင်ဟာ ကာကွယ်ရေး လွတ်လပ်ရေးနဲ့ ယုံကြည်စိတ်ချရရေးအတွက် ဖြစ်လိမ့်မယ်လို့ ဝန်ကြီး ဟာလေက ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို ကာကွယ်ရေး နိုင်ငံအများ ပါဝင် ကူညီကြဖို့ ထရန့်က တောင်းဆိုခဲ့ပြီးနောက် အခု အစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အီရန်ကတော့ ဟောမု့ဇ် ရေလက်ကြားကို သူတို့ အချုပ်အခြာ အာဏာပိုင်ဆိုင်ကြာင်း နိုင်ငံအများက အသိအမှတ်ပြုဖို့ တောင်းဆိုထားပါတယ်။
Ref:BBC

