ဝါရှင်တန်၊ မေ ၁၃

လာမယ့် တရုတ် ခရီးစဉ်အတွင်း တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ အီရန် စစ်ပွဲအရေး အကြာကြီး ဆွေးနွေးသွားမှာ ဖြစ်ပေမယ့် ရှီရဲ့ အကူအညီ လိုအပ်တယ်လို့ မထင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မေ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။

အီရန်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ အကူအညီလိုအပ်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်ဖြစ် တခြားနည်းနဲ့ ဖြစ်ဖြစ် တစ်နည်းမဟုတ် တခြား တစ်နည်းနဲ့ ကျွန်တော်တို့ အနိုင်ရပါလိမ့်မယ်လို့ တရုတ်နိုင်ငံသို့ သွားရောက်ဖို့ အိမ်ဖြူတော်က ထွက်ခွာချိန်မှာ ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။

ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးတွေကို ပိုင်ဆိုင်တဲ့ နိုင်ငံနှစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ ခြောက်လကျော် ကာလအတွင်း ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ကုန်သွယ်ရေးဆိုင်ရာ အခွန် ကောက်ခံမှုတွေ၊ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်ခိုက်မှုနဲ့ တခြား သဘောထား မတိုက်ဆိုင်တဲ့ နယ်ပယ်တွေကြောင့် ထိခိုက်ခဲ့တဲ့ ဆက်ဆံရေး တည်ငြိမ်စေဖို့ ခေါင်းဆောင် နှစ်ဦး ကြိုးပမ်းနေကြပါတယ်။

အီရန် စစ်ပွဲ အဆုံးသတ်ရေး သံတမန်ရေးအရ ညှိနှိုင်းမှုတွေ ရှေ့မဆက်နိုင် ဖြစ်နေပြီး စစ်ပွဲကို မဖြေရှင်းနိုင်သေးတဲ့ အချိန်မှာ ထရန့် တရုတ်နိုင်ငံသို့ သွားရောက်တာ ဖြစ်ပါတယ်။

ဘေဂျင်းက အီရန်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး အီရန် ရေနံတွေကို ဝယ်ယူနေတဲ့ အဓိက ဖောက်သည် နိုင်ငံအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ လကုန်ပိုင်းက အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်မှုနဲ့ အတူ စတင်ခဲ့တဲ့ စစ်ပွဲ အဆုံးသတ်စေရေး တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို အသုံးချရေး ထရန့်က အလိုရှိနေပါတယ်။

ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေ အီရန်ကို ဖြတ်သန်းခ ပေးနေရတဲ့ အခြေအနေကို တရုတ်က ကန့်ကွက် ပြောဆိုထားချိန် အဲဒီ လမ်းကြောင်း ပြန်လည် ဖွင့်လှစ်ရေး တရုတ်က တွန်းအားပေး ဆောင်ရွက်သင့်တယ်လို့ ထရန့်က ပြောခဲ့ဖူးပါတယ်။

ရီပက်ဘလေကန် သမ္မတ ထရန့်ဟာ ဘေဂျင်းကို မေ ၁၃ ရက်မှာ ရောက်ရှိမှာ ဖြစ်ပြီး မေ ၁၄ ရက်နဲ့ ၁၅ ရက်မှာ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒါဟာ ၂၀၁၇ ခုနှစ် နောက်ပိုင်း သူ့ရဲ့ ပထမဆုံး တရုတ် ခရီးစဉ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့မှာ ဆွေးနွေးစရာ ကိစ္စတွေ အများကြီး ရှိပါတယ်။ ရိုးရိုးသားသား ပြောရရင် အဲဒီ ကိစ္စတွေထဲမှာ အီရန်အရေး ပါဝင်တယ်လို့ ကျွန်တော် မပြောလိုပါဘူး။ အီရန်ကို ကျွန်တော်တို့ ကောင်းကောင်းကြီး ထိန်းချုပ်ထားပြီး ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်လို့ ထရန့်က နောက်ပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

အီရန် စစ်ပွဲကြောင့် ကုန်သွယ်မှု အနှောင့်အယှက် ဖြစ်ပြီး နိုင်ငံအများ လောင်စာ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.