ရီးယာ့ဒ်၊ မေ ၁၃

အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း ဆော်ဒီအာရေးဗီးယားကို တိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ဆော်ဒီအာရေးဗီးယားက အီရန်ကို လူသိရှင်ကြား မဖော်ပြဘဲ တိုက်ခိုက်မှုတွေ အများကြီး ပြုလုပ်နေတယ်လို့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ သိထားသူ အနောက်တိုင်း အရာရှိ နှစ်ဦးနဲ့ အီရန် အရာရှိ နှစ်ဦးက ပြောပါတယ်။

အရင်က သတင်းထွက်ပေါ်မလာခဲ့တဲ့ ဆော်ဒီအာရေးဗီးယားရဲ့ တိုက်ခိုက်မှုတွေဟာ အီရန်မြေပေါ်မှာ ဆော်ဒီရဲ့ ပထမဆုံး တိုက်ရိုက် တိုက်ခိုက်မှုတွေ ဖြစ်လာပြီး သူတို့ရဲ့ အဓိက ဒေသဆိုင်ရာ ပြိုင်ဖက်ရန်က ကိုယ့်ကိုယ်ကို ကာကွယ်ရာမှာ အများကြီး ပိုပြီး ရဲတင်းလာတာ တွေ့ရပါတယ်။

ဆော်ဒီအာရေးဗီးယား လေတပ်က ပြုလုပ်ခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ မတ်လက ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ လေ့လာသိရှိရကြောင်း အနောက်တိုင်း အရာရှိနှစ်ဦးက ပြောပါတယ်။

ဆော်ဒီအာရေးဗီးယား တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ဒါတွေဟာ ပါးကိုက်ရင် နားပြန်ကိုက်မယ်ဆိုတဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုတွေပဲ ဖြစ်တယ်လို့ အရာရှိ တစ်ဦးက ပြောပါတယ်။

ဆော်ဒီအာရေးဗီးယားက အီရန်ရဲ့ ဘယ်လို ပစ်မှတ်မျိုးတွေကို တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ အတည်ပြုဖို့ မဖြစ်နိုင်သေးဘူးလို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

မှတ်ချက်ပြုပေးဖို့ တောင်းဆိုရာမှာ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိ တစ်ဦးက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလားဆိုတာနဲ့ ပတ်သက်လို့ တိုက်ရိုက် မဖြေရှင်းလိုကြောင်း တုံ့ပြန်ပါတယ်။

မှတ်ချက်ပြုပေးဖို့ တောင်းဆိုမှုကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တုံ့ပြန်မှု မရှိပါဘူး။

အမေရိကန်နဲ့ နက်ရှိုင်းတဲ့ စစ်ဖက်ဆိုင်ရာ ဆက်ဆံရေးရှိတဲ့ ဆော်ဒီအာရေးဗီးယားဟာ အကာအကွယ်ရရှိရေးအတွက် အစဉ်အလာအရ အမေရိကန် စစ်တပ်ကိုပဲ အားကိုးလေ့ရှိပါတယ်။

ဒါပေမဲ့ သီတင်း ၁၀ ပတ်ကြာ စစ်ပွဲအတွင်း ဆော်ဒီကို အမေရိကန် စစ်တပ်က ကာကွယ် မပေးနိုင်ခဲ့ပါဘူး။

ဆော်ဒီက အီရန်ကို တိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့ အစ္စရေးတို့ ဖေဖော်ဝါရီ ၂၈ ရက်မှာစတင်ခဲ့တဲ့ စစ်ပွဲ ပိုမို ကျယ်ပြန့်လာတာကို မီးမောင်းထိုးပြနေပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ စတင်တိုက်ခိုက်ပြီးနောက် အီရန်က ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီဝင်နိုင်ငံ ၆ နိုင်ငံစလုံးကို တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီ နိုင်ငံတွေမှာ ရှိတဲ့ အမေရိကန် စစ်စခန်းတွေလောက်ကိုပဲ အီရန်က တိုက်ခိုက်တာ မဟုတ်ဘဲ အရပ်ဖက် နေရာတွေ၊ လေဆိပ်တွေ၊ ရေနံ အခြေခံ အဆောက်အဦတွေကိုပါ တိုက်ခိုက်ပြီး ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားတာကြောင့် ကမ္ဘာ့ကုန်သွယ်ရေး အနှောင့်အယှက် ဖြစ်နေပါတယ်။

ယူအေအီးကလည်း အီရန်ကို ပြီးခဲ့တဲ့လ လဆန်းပိုင်းက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း Wall Street Journal က မေ ၁၂ ရက်မှာ ဖော်ပြခဲ့ပါတယ်။

အီရန်ရဲ့ လာဗန်ကျွန်းပေါ်ရှိ ရေနံသန့်စင်ရာ နေရာကို ယူအေအီးက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာချိန်လောက်မှာ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Wall Street Journal က ဖော်ပြပါတယ်။

ယူအေအီးရဲ့ တိုက်ခိုက်မှုတွေကို အမေရိကန်က တိတ်တဆိတ် ကြိုဆိုခဲ့ပြီး တိုက်ခိုက်မှုမှာ ပါဝင်လိုတဲ့ တခြား ပင်လယ်ကွေ့နိုင်ငံတွေကိုလည်း ကြိုဆိုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် တစ်ခုက ပြောဆိုထားပါတယ်။

Source: Agencies/co

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.