ဂျီနီဗာ၊ မေ ၁၉
ဂါဇာ ကမ်းမြောင်ဒေသမှာ လူမျိုးတုန်း သတ်ဖြတ်မှု ကြိုတင် ကာကွယ်ရေး အစီအစဉ်တွေ ချမှတ်ဆောင်ရွက်ဖို့ အစ္စရေးကို ကုလသမဂ္ဂက မေ ၁၈ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
ပါလက်စတိုင်း နယ်နိမိတ်နဲ့ သိမ်းပိုက်ထားတဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ လူမျိုးတုန်း ရှင်းလင်းရေး အရိပ်အရောင်တွေ ရှိနေတာကြောင့် ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချထားပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက စစ်ပွဲ စတင်ပြီးနောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုတွေ ပါဝင်နေပြီး ဖြစ်ရပ်တွေ အများကြီးမှာ စစ်ရာဇဝတ်မှုနဲ့ တခြား ရက်စက် ပြင်းထန်တဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောပါတယ်။
ဂါဇာ ကမ်းမြောင်ဒေသမှာ လူမျိုးတုန်း သတ်ဖြတ်မှု လုပ်ရပ်တွေကို ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေ ချမှတ် ဆောင်ရွက်ရေး ညွှန်ကြားထားတဲ့ နိုင်ငံတကာ တရားရုံး ICJ ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ အစ္စရေးကို ကုလ လူ့အခွင့်အရေးအဖွဲ့ အကြီးအကဲ ဗိုလ်ကာ တက်ခ်က တောင်းဆိုထားပါတယ်။
လူမျိုးတုန်း သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစ္စရေးက အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။
အရင်က နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တွေက ဂါဇာမှာ အစ္စရေး လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ စွပ်စွဲခဲ့ပြီး အစ္စရေးက ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပေမယ့် ကုလသမဂ္ဂက တိုက်ရိုက် စွပ်စွဲတာဟာ အခုပထမဆုံးအကြိမ် ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံထဲ ဟားမာ့စ်အဖွဲ့ ဝင်ရောက် တိုက်ခိုက်မှုကိုလည်း ကုလသမဂ္ဂက ပြစ်တင် ရှုတ်ချထားပါတယ်။
ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ရဲ့ လုပ်ရပ် တချို့ဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးက ပြောပါတယ်။
ဟားမာ့စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၂၁ ဦး သေဆုံးခဲ့ပြီး အများစုဟာ အရပ်သားတွေ ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းဌာနက စာရင်း ပြုစုထားပါတယ်။
ဟားမာ့စ် အဖွဲ့ ဖမ်းဆီးထားသူတွေ အများကြီးဟာ ညှဉ်းပန်းနှိပ်စက်ခံရသလို လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ ရှိကြောင်း လူမဆန်တဲ့ အခြေအနေတွေနဲ့ နေထိုင်ခဲ့ရကြောင်းလည်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဂါဇာမှာ သေဆုံးခဲ့တဲ့ ဓားစာခံ အများစုဟာ ဖမ်းဆီးထားသူတွေရဲ့ သတ်ဖြတ်မှုကြောင့် ဒါမှမဟုတ် စစ်ပွဲရဲ့ ရိုက်ခတ်မှုကြောင့် ဘယ်နေရာမှာ မှန်းမသိဘဲ ဖမ်းဆီးထားချိန်အတွင်း သေဆုံးခဲ့တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ရေးပါတယ်။
ဒါပေမဲ့ အစ္စရေးရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၇၂၀၀၀ သေဆုံးခဲ့ကြောင်း ဟားမာ့စ် အုပ်ချုပ်တဲ့ နယ်မြေထဲက ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အပစ်အခတ်ရပ်စဲမှု အသက်ဝင်လာခဲ့ပေမယ့် လူထောင်ပေါင်းများစွာဟာ ယာယီတဲတွေ ကြမ်းတမ်းဆိုးရွားတဲ့ အခြေအနေတွေနဲ့ နေထိုင်နေရဆဲ ဖြစ်ပါတယ်။
သတ်ဖြတ်မှုတွေနဲ့ အခြေခံ အဆောက်အဦတွေကို တိုက်ခိုက် ဖျက်ဆီးမှုဟာ နေ့တိုင်းလိုလို ဖြစ်ပွားနေပြီး လူသားချင်းစာနာ ထောက်ထားရေး အစီအစဉ် ဆိုးရွားနေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ပွဲ စတင်ကတည်းက သတ်ဖြတ်မှု တော်တော်များများဟာ တရားမဝင် သတ်ဖြတ်မှု ဖြစ်ပုံရကြောင်းလည်း ကုလသမဂ္ဂက ပြောထားပါတယ်။
Source: AFP/ec

