ကွန်ဂိုမှာ အီဘိုလာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် သေဆုံးသူ ၁၃၁ ဦးထက်မနည်း ရှိလာ

ကင်ရှာဆာ၊ မေ ၁၉ ဉ်

ကွန်ဂို ဒီမိုကရက်တစ် ပြည်ထောင်စုနိုင်ငံမှာ အီဘိုလာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် သေဆုံးသူ ၁၃၁ ဦးထက် မနည်းရှိပြီး သံသယရှိ လူနာ ၅၁၃ ဦး ရှိတယ်လို့ ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ကွန်ဂို အစိုးရ ပြောရေးဆိုခွင့်ရှိသူက အခုအချိန်မှာ ရောဂါ ကူးစက်သူ စစ်ဆေးတွေ့ရှိမှု နေရာဒေသ ပိုမို ကျယ်ပြန့်လာကြောင်း ပြောထားပါတယ်။

အိမ်နီးချင်း ယူဂန္ဓာနိုင်ငံမှာလည်း အတည်ပြုပြီး လူနာ ၂ ဦး ရှိပြီး တစ်ဦး သေဆုံးသွားကြောင်း အမေရိကန် ရောဂါ ထိန်းချုပ် ကာကွယ်ရေး စင်တာ (CDC) က ထုတ်ပြန်ပါတယ်။

ဘွန်ဒီ ဘူယို ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ လက်ရှိ အီဘိုလာ ဗိုင်းရပ်စ် မျိုးစိပ် ပျံ့နှံ့မှုဟာ နိုင်ငံတကာ အရေးပေါ်အခြေအနေ ဖြစ်ကြောင်း နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်း (WHO) က ကြေညာထားပါတယ်။

ကွန်ဂိုမှာ အီဘိုလာ ဗိုင်းရပ်စ်နဲ့ ထိတွေ့ခဲ့တဲ့ အမေရိကန်နိုင်ငံသားကို ဆေးဝါးကုသရေး ဘေးကင်းရာ ခေါ်ထုတ်ထားတယ်လို့ (CDC) က ပြောပါတယ်။

ဒီဆိုးရွားတဲ့ အီဘိုလာ ရောဂါ ဆက်လက် ပျံ့နှံ့နေချိန် ကွန်ဂို အစိုးရက သံသယရှိ လူနာတွေကို ခြေရာခံ ဖော်ထုတ်ရေး ကြိုးကြိုးစားစား ဆောင်ရွက်နေတာကြောင့် ကြောက်စရာ မလိုဘူးလို့ ပြည်သူလူထုကို အသိပေးထားပါတယ်။

ဒါပေမဲ့ ရောဂါ ကူးစက်ပျံ့နှံ့ရာ နေရာအသစ်တွေ ထွက်ပေါ်လာပြီး ရောဂါ ပျံ့နှံ့ရာ နေရာ ပိုပြီး ကျယ်ပြန့်လာတာကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ကွန်ဂိုမှာ ရောဂါ ကူးစက်ခံထားရကြောင်း အတည်ပြုထားတဲ့ လူနာတွေထဲမှာ အမေရိကန် နိုင်ငံသား ဆရာဝန် တစ်ယောက် ပါဝင်နေပါတယ်။

သူ့ကို ဆေးကုသပေးရေး ဂျာမနီ နိုင်ငံသို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း CBS News သတင်းဌာနက ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ လေဆိပ်တွေမှာလည်း အီဘိုလာ ဗိုင်းရပ်စ် စောင့်ကြည့် စစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ယူဂန္ဓာ၊ ကွန်ဂို ဒါမှမဟုတ် တောင်ဆူဒန် တို့ကို အနည်းဆုံး ၂၁ ရက် သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံကူးလက်မှတ်ကိုင်ထားသူတွေအနေနဲ့ အမေရိကန်သို့ ပြန်ဝင်ရင် တင်းတင်းကြပ်ကြပ် စစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း အီတူရို ပြည်နယ်မှာ ရောဂါ ပျံ့နှံ့မှုဟာ နိုင်ငံတကာ အရေးပေါ် အခြေအနေ ဖြစ်ပေမယ့် ကပ်ရောဂါ အဆင့်သို့ မရောက်သေးဘူးလို့ WHO က ပြောပါတယ်။

လက်ရှိမှာ ရောဂါ ပျံ့နှံ့ရာ နေရာ ကျယ်ပြန့်လာနေပြီး အခုထက်ပိုမိုကြီးမားတဲ့ ရောဂါ ပျံ့နှံ့မှု ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေး အရာရှိတွေက သတိပေးထားပါတယ်။

၂၀၁၄-၂၀၁၆ ခုနှစ်က အနောက်အာဖရိကမှာ အီဘိုလာ ပျံ့နှံ့မှုအတွင်း လူပေါင်း ၂၈၆၀၀ ကျော် ကူးစက်ခံခဲ့ရပြီး ၁၉၇၆ ခုနှစ်မှာ ဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံး ရောဂါ ပျံ့နှံ့မှု ဖြစ်ပါတယ်။

အဲဒီ ဗိုင်းရပ်စ်ဟာ အနောက်အာဖရိက အပြင်ဖက် နိုင်ငံ အတော်များများ အထူးသဖြင့် ဂီနီယာ၊ ဆီရီယာ လီယွန်၊ အမေရိကန်၊ ဗြိတိန်နဲ့ အီတလီသို့ ပျံ့နှံ့ခဲ့ပြီး လူပေါင်း ၁၁၃၂၅ ဦး သေဆုံးခဲ့ရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.