တနင်္သာရီ၊ မေ ၁၉

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာ မြိတ်လေတပ်ကနေ ပျံတက်လာတဲ့ ပါရာမော်တာ ငါးစီးထဲမှ နှစ်စီးဟာ တကူးကျေးရွာအုပ်စုရှိ ခြောက်အိမ်စုကျေးရွာနဲ့ ကျောက်တောင်ကျေးရွာတို့ကို ဗုံးကြဲသွားတာပါ။

ဗုံးကြဲမှုကြောင့် ခြောက်အိမ်စုကျေးရွာရှိ နေအိမ်တစ်လုံးအနောက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကွမ်းသီးခုတ်နေတဲ့ အသက် ၇၀ ကျော်အရွယ် ဖွားမေ ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ပါရာမော်တာ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုအဟာ တနင်္သာရီတိုင်းအတွင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ တနင်္သာရီမြို့နယ်အတွင်း တကူကျေးရွာအုပ်စုကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မကြာခဏ လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှု မြင့်တက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ကလည်း တကူကျေးရွာ အထက်တန်းကျောင်းကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နှစ်ထပ်ကျောင်းဆောင်နှစ်ဆောင် အပါအဝင် ကျောင်းဆောင်အများအပြား ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.