မော်လမြိုင်၊ မေ ၁၈

မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက်မှာ အမှိုက်ပစ်ရင် ဒဏ်ငွေကျပ် တစ်သိန်း ဒဏ်ရိုက်ခံရမယ်လို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က သတိပေးကြေညာပါတယ်။

မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြစ်ကမ်းစပ်အတွင်း အမှိုက်စွန့်ပစ်တာ လုံးဝမပြုဖို့နဲ့ သတ်မှတ်ထားတဲ့ အမှိုက်ပုံး၊ အမှိုက်သိမ်းယာဉ်တွေမှာသာ စနစ်တကျ စွန့်ပစ်ကြဖို့ သတိပေးထားပါတယ်။

စည်းကမ်းမဲ့ အမှိုက်စွန့်မှုကို တွေ့ရှိပါက ဒဏ်ငွေကျပ် တစ်သိန်း ဒဏ်ရိုက်ရမယ်လို့ ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့ကစလို့ မော်လမြိုင်ကမ်းနားလမ်းတလျှောက်မှာ သတိပေးကြော်ငြာဆိုင်းဘုတ်တွေ စိုက်ထူပြီး အသိပေးထားပါတယ်။

မြို့ခံတွေကတော့ စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ပြည်သူတွေကို ဒဏ်ရိုက်အရေးယူတာထက် အမှိုက်ပုံးတွေ ထားရှိပေးဖို့နဲ့ နေ့စဉ် အမှိုက်သိမ်းကားတွေ လာပေးဖို့ တောင်းဆိုထားပါတယ်။

မော်လမြိုင်မြို့ပေါ်မှာ အာဏာသိမ်းကာလအတွင်း စည်ပင်အမှိုက်သိမ်းကားတွေ ပုံမှန် လာရောက်တာမရှိတဲ့အတွက် ဒေသခံတွေဟာ အဆင်ပြေတဲ့ နေရာတွေမှာ ကြုံသလို အမှိုက်စွန့်ခဲ့ရတာ ဖြစ်ပါတယ်။

တဖက်မှာလည်း အာဏာသိမ်း စစ်အစိုးရခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းက မော်လမြိုင်မြို့ကို Smart City ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.