ကော့သောင်း၊ မေ ၁၈
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အေးမြသာယာကျေးရွာမှာ အုပ်ချုပ်ရေးမှူးတစ်ဦး ဖမ်းဆီးစဉ် ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့က ကော့သောင်းမြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ အေးမြသာယာကျေးရွာက အသက် ၄၄ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်နဲ့ သူရဲ့ကားကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နမ္မသွန်လမ်းပိုင်းတစ်နေရာမှာ ဖမ်းဆီးခဲ့တာပါ။
ဦးစိုးထိုက်ကို ဖမ်းဆီးစစ်ဆေးချိန် သူ့ရဲ့ကားမှာ တော်လှန်ရေးရဲဘော်တွေ ဝတ်ဆင်လေ့ရှိတဲ့ ယူနီဖောင်း ၁၀ စုံ၊ ဖိနပ် ၃ ရံ၊ ဘက်တံဆိပ်မျိုးစုံ ၈နဲ့ ကျည်ကာတစ်စုံကို တွေ့ရှိခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ကာ စကခ ၂၀ ကို သွားရောက်ပို့ဆောင်ဖို့ ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။
စစ်ဆေးနေချိန်အတွင်း ဦးစိုးထိုက်ဟာ အပေါ့အလေးသွားဖို့ ခွင့်တောင်းတာကြောင့် သူရဲ့လက်တစ်ဖက်ကို ကြိုးနဲ့ချည်ကာ အစောင့်ရဲဘော်တစ်ဦးနဲ့အတူ လွှတ်လိုက်ရာ ရုန်းကန်ထွက်ပြေးတာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးချိန် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါအပြင် ဦးစိုးထိုက်ရဲ့ လက်ကိုင်ဖုန်းအတွင်းမှာလည်း စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းအချက်အလက်တွေကို ပေးပို့တာ စစ်ကော်မရှင်တပ်အတွက် လက်နက်၊ရိက္ခာနဲ့ လူ သယ်ယူပို့ဆောင်ပေးဖို့ ပြောဆိုထားတဲ့ အချက်အလက်တွေ တွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လ ၄ ရက်နေ့ကလည်း ခမောက်ကြီးမြို့နယ် ဝိုင်းဒင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး PDF ရဲ့ဘော် ၉ ဦး ကျဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ ဦးစိုးထိုက် ကိုယ်တိုင် ဦးဆောင်လမ်းပြပြီး တိုက်ပွဲဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကော့သောင်းပကဖ

