မကွေး ၊ မေ ၁၇

နိုင်ငံတော်လုံခြုံရေး၊ ပြည်သူလူထု အေးချမ်းသာယာရေးအတွက် အရင်ဖျက်သိမ်းခဲ့တဲ့ ဥပဒေတွေကို ပြန်လည်စိစစ်သွားရမယ်လို့ မေ ၁၄ ရက်နေ့မှာ မကွေးတိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးခင်ရီက ပြောပါတယ်။

လွှတ်တော်အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် သုံးသပ်ပြီး နေ့စဉ် ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ လုံခြုံစိတ်ချစွာ နေနိုင်တဲ့ ဥပဒေအသစ်တွေကိုလည်း ပြဋ္ဌာန်းနိုင်ရေးသုံးသပ် ဆောင်ရွက်ကြစေလိုတယ်လို့ ဆိုပါတယ်။

မေ ၁၅ ရက်နေ့မှာလည်း မကွေးတိုင်းက မြို့မိမြို့ဖတွေ၊ လုပ်ငန်းရှင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံချိန်မှာတော့ အချို့တည်ဆဲဥပဒေတွေကိုလည်း ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ပြဋ္ဌာန်းတာတွေကို စိစစ်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

လွှတ်တော်တွေဟာ ဥပဒေပြုရေးတာဝန်ကို အဓိကလုပ်ဆောင်ရတဲ့ အားလျော်စွာ ပြည်သူတွေ အေးချမ်းလုံခြုံစွာ ဥပဒေရဲ့ အကာအကွယ်အောက်မှာ နေထိုင်နိုင်စေရေး လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်စေရေးအတွက် အကြောင်းပြထားတာပါ။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က စစ်အစိုးရအနေနဲ့ ဖိနှိပ်မှုတွေ တိုးပြီး လုပ်နိုင်အောင် အုပ်ချုပ်ရေးယန္တရားကို အကျိုးပြုနိုင်အောင် ရှေးရှုပြီး ပြင်ဆင်လာတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဥပဒေပြုတိုင်း အဆိုပြုတိုင်း (စစ်အစိုးရ) သူတို့အတွက် ဖိနှိပ်မှုတွေ ပိုပြီး တိုးပြီးတော့ လုပ်နိုင်စွမ်းရှိအောင် နောက်တစ်ခုက သူတို့အလိုချင်ဆုံးက သတင်းအချက်အလက်တွေ လက်ဦးမှုရယူပြီး ကြိုတင်ပြီးတော့ သူတို့တွေ ဖမ်းဆီးနှိပ်ကွပ်နိုင်အောင် နောက်တစ်ခုက သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို တိုက်ရိုက် ဒါမှမဟုတ် တမျိုးတဖုံ အကျိုးပြုမှုတွေကို အမြဲရှေးရှုပြီး ပြင်ဆင်လုပ်ဆောင်လေ့ရှိတယ်။ဒါတွေကို ပြီးခဲ့တဲ့ (အာဏာသိမ်းကာလ) ပြင်ဆင်မှုတွေ အသစ်ပြဋ္ဌာန်းမှုတွေကနေ ကျွန်တော်တို့ တွေ့ရပါတယ်”လို့ ဆိုပါတယ်။

အရင်ဖျက်သိမ်းခဲ့တဲ့ ဥပဒေတွေထဲက ဘယ်ဥပဒေကို ပြန်လည်စိစစ်ပြီး ဘယ်လိုမျိုး တည်ဆဲဥပဒေတချို့ကို ပြင်ဆင်ဖြည့်စွက်မယ်ဆိုတာ ဦးခင်ရီက အသေးစိတ်ထည့်သွင်းပြောဆိုခဲ့တာ မရှိပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲချုပ် NLD ဦးဆောင်တဲ့ အစိုးရလက်ထက်မှာတော့ ခေတ်စနစ်နဲ့ မလျော်ညီတဲ့ ဥပဒေတွေ ပြည်သူလူထုနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်တဲ့ ဥပဒေတချို့ကိုတော့ ဒုတိယကြိမ် လွှတ်တော်မှာ ဖျက်သိမ်းထားတာပါ။

အဲဒီထဲမှာ မဆလအစိုးရလက်ထက် ၁၉၇၅ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူတွေရဲ့ ဘေးအန္တရာယ်ကနေ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေလည်း ပါဝင်ပါတယ်။ ဒီဥပဒေဟာ နိုင်ငံရေးအတိုက်အခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တရားစွဲဆိုခြင်းမရှိဘဲ နှစ်ရှည်လများ ချုပ်နှောင်ထားဖို့ အဓိကအသုံးပြုခဲ့တဲ့ ဥပဒေပါ။

ဒါ့အပြင် ဖဆပလအစိုးရလက်ထက် ၁၉၅၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အရေးပေါ်စီမံမှုဥပဒေကိုလည်း ၂၀၁၆ ခုနှစ် အောက်တိုဘာမှာ ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီဥပဒေပါ ပုဒ်မ ၅ – ည ဟာ ခေတ်အဆက်ဆက် အစိုးရကို ဝေဖန်သူတွေ ကျောင်းသားတွေနဲ့ နိုင်ငံရေးသမားတွေကို ထောင်ဒဏ်ချမှတ်ဖို့ လက်နက်သဖွယ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဧည့်စာရင်းတိုင်ကြားမှုနဲ့ပတ်သက်ပြီး NLD အစိုးရလက်ထက်မှာ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ရှေးရှုပြီး ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တချို့ကို ဖျက်သိမ်းပေးခဲ့ပါတယ်။

စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းကာလမှာတော့ လူထုတစ်ရပ်လုံးကို အကျပ်ရိုက်စေခဲ့တဲ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့သလို ဒစ်ဂျစ်တယ်ယန္တရားကနေ ပြည်သူတွေကို ဖိနှိပ်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကိုလည်း ပြဋ္ဌာန်းထားတာပါ။

ဒါ့အပြင် လူတစ်ဦးကို ခြေရာခံစောင့်ကြည့်နိုင်တဲ့ အီလက်ထရောနစ် ပတ်စပို့စ်ကျင့်သုံးမယ့် မြန်မာနိုင်ငံကူးလက်မှတ်ဥပဒေနဲ့ သက်သေမပါဘဲ ဖမ်းဆီးနိုင်တဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပါ ပုဒ်မတချို့ကိုလည်း ပြင်ဆင်ပြဋ္ဌာန်းထားတာပါ။

မွန်ဒေသခံတစ်ဦးကတော့ အာဏာသိမ်းပြီး‌နောက်ပိုင်း ဥပဒေတွေ အများအပြားထုတ်ပေမယ့် ပြည်သူတွေ အကာအကွယ် မရရှိတာများသလို လက်ရှိအချိန်အထိလည်း ပြည်သူကို ကာကွယ်ပေးတဲ့ ဥပဒေ မရှိသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီနိုင်ငံရေးအကျပ်အတည်းကာလ နောက်ပိုင်းမှာ ပြည်သူတွေက ဥပဒေရဲ့ အကာအကွယ်ကို လုံးလုံးလျားလျား မရတာများတယ်။ဘာဖြစ်လို့လဲဆိုတော့ တချို့ကိစ္စတွေ သက်သေမရှိဘဲ အကြမ်းဖက်မှုနဲ့ ထောင်ချတာတွေ အများကြီး ကြားရမြင်ရတာပေါ့။ အကာအကွယ်ရဖို့ဆိုတာ ဘယ်လိုမှလည်း မဖြစ်နိုင်သေးဘူးပေါ့နော်။ ပြည်သူတွေကို ကာကွယ်ပေးတဲ့ ဥပဒေက ဒီနေ့အချိန်ထိကို မထုတ်ရသေးဘူး။ဘာလဲဆိုတော့ တောက်လျှောက် ထုတ်လာတဲ့ ဥပဒေပေါင်းလည်း တပြုံကြီး ပြည်သူတွေတောင် မမှတ်မိတော့ဘူး။ အဲဒီတော့ ပြည်သူကို ကာကွယ်တဲ့ ဥပဒေဆိုတာတော့ လောဆယ်အထိတော့ မရှိသေးဘူး”လို့ ဆိုပါတယ်။

ဦးခင်ရီကတော့ တည်ဆဲဥပဒေတွေကိုလည်း ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းစေမယ့် ဥပဒေတွေ၊ ပြည်သူကို လုံခြုံမှုပေးနိုင်တဲ့ ဥပဒေတွေ၊ တရားဥပဒေစိုးမိုးရေးကို အားကောင်းစေတဲ့ ဥပဒေတွေကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

လတ်တလောအနေနဲ့ နိုင်ငံ‌တော်အတွက် လက်ရှိအခြေအနေတွေနဲ့ ကိုက်ညီမယ့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကို လာမယ့် လွှတ်တော်တွေအတွင်း ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးလုပ်ဆောင်သွားမယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် နိုင်ငံစီးပွားဖွံဖြိုးတိုးတက်စေရေး အထောက်အကူပြုမယ့် ရင်းနှီးမြှုပ်နှံမှုနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကိုလည်း ပြင်ဆင်ဖြည့်စွက်သင့်တာတွေ သုံးသပ်လုပ်ဆောင်သွားမယ်လို့ ဦးခင်ရီက မကွေးခရီးစဉ်မှာ ပြောကြားထားတာပါ။

၂၀၂၁ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို အရင်းခံပြီး အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အရပ်သားအသွင်ပြောင်းစစ်အစိုးရနဲ့ လွှတ်တော်သုံးရပ်စလုံးရဲ့ ထိပ်ပိုင်းရာထူးနေရာတွေမှာ ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်တွေ ဦးဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.