ရေဖြူ၊ မေ ၁၆
တနင်္သာရီတိုင်း ရေဖြူမြို့နယ်အခြေစိုက် အမှတ် ၄၀၉ ခြေမြန်တပ်ရင်းက ထွက်ပြေးလာတဲ့ တပ်သား ခုနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။
အဲဒီတပ်သား ခုနှစ်ဦးကို ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့က တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ တပ်သား ခုနှစ်ဦးဟာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၉ သင်တန်းဆင်း တပ်သားတွေ ဖြစ်ပြီး အသက် ၂၀ အရွယက်နေ ၃၀ ကျော်အရွယ်ရှိတဲ့ လူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့အဖွဲ့ဟာ စတင်ထွက်ပြေးလာစဉ် ၁၀ ဦးဖြစ်ပြီး တပ်ကနေ ထွက်ပြေးချိန် စစ်ကော်မရှင်တပ် ကင်းအဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သုံးဦး ကျည်ထိမှန်သေဆုံးခဲ့ တာဖြစ်ပါတယ်။
ဖမ်းဆီးရမိသူတွေဟာ ဧရာဝတီ၊ ရန်ကုန်နဲ့ပဲခူးတိုင်းနေသူတွေဖြစ်ပြီး စစ်ကော်မရှင်တပ်ရဲ့ မတရားစစ်မှုထမ်းပေါ်တာဆွဲခံရပြီးနောက် စစ်သားဖြစ်လာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိထားတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ပြည်သူ့ စစ်မှုထမ်း တပ်သား လေးဦးဟာ ရေးဘီလူးအဖွဲ့ထံ အလင်းဝင်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

