ရေး၊ မေ ၁၇
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာမှာ နေရပ်ပြန်မယ့် ရေလုပ်သား ၅၀ ကျော်ကို စစ်ကော်မရှင်တပ်နဲ့ြ ပည်သူ့စစ်အဖွဲ့တွေက ဖမ်းဆီးငွေညှစ်ခဲ့တယ်လို့ ရွာခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က ဟိုက်ဂျက်ကား သုံးစီးနဲ့ နေရပ်ပြန်ကြမယ့် ရေလုပ်သား ၅၀ ကျော်ကို အစင်ကျေးရွာ မွေးမြူရေးဇုန်ဂိတ်အရောက်မှာ စစ်တပ်သြဇာခံ ပြည်သူ့စစ် စောနိုင်ထွေးဦးစီးတဲ့အဖွဲ့က ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် ပြည်သူ့စစ် စောနိုင်ထွေးတို့အဖွဲ့ဟာ ရေလုပ်သား ၅၀ ကျော်ကို တစ်ညတာ ဖမ်းဆီးထိန်းသိမ်းပြီး တစ်ဦးလျှင် ငွေကျပ်နှစ်သိန်း တောင်းခံကာ မေ ၁၅ ရက်နေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဖမ်းဆီးခံရသူအများစုဟာ ဧရာဝတီတိုင်း ဖျာပုံနဲ့ဒေးဒရဲမြို့နယ်အပါအဝင် ပဲခူတိုင်းတို့ကနေ လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ ရေလုပ်သားတွေ ဖြစ်ပါတယ်။
သူတို့တွေဟာ ငါးဖမ်းရာသီ ပိတ်ချိန်ဖြစ်တာကြောင့် သက်ဆိုင်ရာ ဒေသတွေထံ နေရပ်ပြန်ဖို့ လာစဉ် စစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေရဲ့ ဖမ်းဆီးငွေညှစ်မှုကို ခံခဲ့ရပါတယ်။
ရေလုပ်ငန်းအပါအဝင် ရော်ဘာခြံလုပ်ငန်းတွေ အများဆုံး လုပ်ကိုင်တဲ့ ရေးမြို့နယ်ဟာ ဒေသတွင်း လုပ်ငန်းတွေအတွက် ရွှေ့ပြောင်းအလုပ်သမားတွေကို အများဆုံး အသုံးပြုနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

