ကလေး၊ မေ ၁၆

စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ နီးပါးဟာ အကျဉ်းသားတွေ တန်းတူညီမျှခွင့်အတွက် အစာငတ်ခံဆန္ဒပြခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ “ပြည်သူ့ထမင်းစစ်စစ် စားချင်တယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ တန်းတူညီမျှခွင့် ရရှိရေးအတွက် မေ ၂ ရက်နေ့မှာ ထောင်ကကျွေးတဲ့ ထမင်းကို မစားဘဲ တစ်နေ့လုံး ငြိမ်သက်စွာ အစာငတ်ခံ ဆန္ဒဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အစာငတ်ခံ ဆန္ဒပြမှုဟာ စစ်အုပ်စုရဲ့ လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်ချက်ဟာ အကျဉ်းသားတွေအကြား တရားမျှတမှုနဲ့ တန်းတူညီမျှမှု လုံးဝမရှိတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ပြီး ခွဲခြားဆက်ဆံခြင်းတို့ကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ နိုင်ငံရေးအကျဉ်းသားတွေ တန်းတူညီမျှခွင့် ရရှိရေး၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေး အပြည့်အဝ ရရှိရေး၊ တရားဥပဒေစိုးမိုးရေးဆိုတဲ့ အချက် ၃ ချက်ကို တောင်းဆိုခဲ့ပါတယ်။

ကလေးအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့နဲ့ ဧပြီ ၁၈ ရက်နေ့တို့မှာလည်း အမျိုးသမီးဆောင်က နိုင်ငံရေးအကျဉ်းသူတွေဟာ အခွင့်အရေး ပိတ်ပင်မှုတွေနဲ့ ဖိနှိပ်မှုတွေအပေါ် ဆန္ဒထုတ်ဖော်ထားပါတယ်။

ဒါပေမယ့် ထောင်အာဏာပိုင်တွေအနေနဲ့ အကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးမယ့်အစား ဖိနှိပ်မှုတွေနဲ့သာ တုံ့ပြန်နေတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေက အခွင့်အရေးတွေကို ဆက်လက်တောင်းဆိုနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

PPNM ကတော့ ဆန္ဒပြအကျဉ်းသားတွေအပေါ် နောက်ဆက်တွဲ ဖိနှိပ်မှုတွေ မရှိစေရေးနဲ့ သူတို့ရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးဖို့ နိုင်ငံတကာ အကျဉ်းထောင်စောင့်ကြည့်ရေး အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး အလေးထား စောင့်ကြည့်ပေးဖို့ တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.