သထုံမြို့ပေါ်မှာ ပျူစောထီး ခေါင်းဆောင် ဖိုးထူးတို့ သားအဖ ထင်တိုင်းကြဲနေ

သထုံ၊ မေ ၁၆

မွန်ပြည်နယ် သထုံမြို့ပေါ်မှာ စစ်တပ် သြဇာခံ ပျူစောထီး ခေါင်းဆောင် ဖိုးထူးတို့ သားအဖဟာ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းဆီးငွေညှစ်တာနဲ့ ခြိမ်းခြောက်အကြမ်းဖက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောလာပါတယ်။

ပျူစောထီး ခေါင်းဆောင် ဖိုးထူးတို့ သားအဖဟာ စစ်မှုထမ်းအကြောင်းပြပြီး ဒေသခံလူငယ်တွေကို ဖမ်းဆီးငွေညှစ်မှုတွေ ပိုမိုလုပ်ဆောင်နေပြီး လက်နက်တကားကားနဲ့ နေရာတိုင်းမှာ ထင်တိုင်းကြဲနေတယ်လု့ိ ဆိုပါတယ်။

ပျူစောထီး ခေါင်းဆောင် ဖိုးထူးတို့ သားအဖဟာ ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ကလည်း သထုံမြို့ သိမ်ကုန်းရပ်ကွက်က တစ်ရပ်ကွက်တည်းနေ သားအဖ နှစ်ဦးကို ဖမ်းဆီးပြီးနောက် ငွေကျပ်သိန်း ၁၂၀ တောင်းခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီဖြစ်စဉ်မှာ ပျူစောထီး ခေါင်းဆောင် ဖိုးထူးက သူတို့ တောင်းသလောက် ငွေမပေးရင် အထက်ရောက်သွားပါက သိန်းရာနဲ့ချီ ထပ်မံပေးဆောင်ရမှာ ဖြစ်ပြီး စစ်မှုထမ်းအကြုံးဝင်တဲ့ သားဖြစ်သူဟာ တစ်ခါတည်း စစ်သင်တန်းကျောင်းထံ အပို့ခံရမယ်လို့ ခြိမ်းခြောက်အကျပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

မြို့ခံတွေရဲ့ ပြောပြချက်အရ ပျူစောထီး ခေါင်းဆောင် ဖိုးထူးဟာ သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဆန်းဝင်းနိုင်နဲ့သထုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်နိုင်တို့ရဲ့ နောက်ခံကိုယူပြီး မြို့ခံတွေအပေါ် ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်နေပါတယ်။

တချို့သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ပျူစောထီး ခေါင်းဆောင် ဖိုးထူးဟာ လက်ရှိ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် ကိုယ်တိုင် ခန့်အပ်တာဝန်ပေးအပ်ထားသူ ဖြစ်တယ်လို့ ပြောဆိုကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ပျူစောထီး ခေါင်းဆောင် ဖိုးထူးတို့ သားအဖကို စစ်အစိုးရဘက်က တစ်စုံတစ်ရာ သတိပေးအရေးယူမှု မရှိတဲ့အပေါ် မြို့ခံတွေက ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိနေပါတယ်။

ပျူစောထီး ခေါင်းဆောင် ဖိုးထူဟာ အရင်က ဆယ်အိမ်မှူး၊ရာအိမ်မှူးအဖြစ် လုပ်ဆောင်ဖူးသူ ဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် လက်နက်အားကိုးနဲ့ ပြည်သူတွေအပေါ် ခြိမ်းခြောက်ငွေညှစ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.